တောဆင်ရိုင်းတွေကို လုံးဝကာကွယ်ထားတဲ့စာရင်းထဲ ထည့်ထားဟု ဝန်ကြီးပြော

.

၂၀၁၇၊ ဇွန်လ ၁၅ ရက်က ပုသိမ်မြို့နယ်၊ သလပ်ခွာသစ်တောဘိနယ် အကွက်အမှတ်(၂၇)တွင် တောဆင်ရိုင်း(၁)ကောင် အဆိပ်မြှားဒဏ်ရာကြောင့် သေဆုံးနေစဉ် ။ ဓာတ်ပုံ-စည်သူမောင်မောင်

နေပြည်တော်၊ သြဂုတ် ၁၇ ။           ။ မြန်မာနိုင်ငံမှာ တောဆင်ရိုင်းတွေကို လုံးဝကာကွယ်ထားတဲ့ တောရိုင်းတိရိစ္ဆာန်စာရင်းမှာ ထည့်သွင်းပြီး အဆင့်အမြင့်ဆုံး ကာကွယ်စောင့်ရှောက်ထားတယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်းက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံတဝှမ်းလုံးမှာ တောဆင်ရိုင်းတွေ သတ်ဖြတ်ခံနေရမှုအတွက် ကာကွယ်တားဆီးဖို့ စီမံ ဆောင်ရွက် ထားတဲ့အပေါ် ဩဂုတ်လ ၁၇ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ် နှစ်ဦးရဲ့ မေးမြန်းမှုကို ဝန်ကြီး ဦးအုန်းဝင်းက အခုလို လာရောက် ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

“ မြန်မာနိုင်ငံမှာ တောဆင်ရိုင်းများကို လုံးဝကာကွာယ်ထားတဲ့ တောရိုင်းတိရိစ္ဆာန်စာရင်းထဲမှာ ထည့်ထားပြီး တော့ အဆင့်မြင့်ဆုံး ကာကွယ်စောင့်ရှောက်ထားပါတယ်။ ဆင်ထိန်းသိမ်းရေးလုပ်ငန်းများဖြစ်တဲ့ သစ်တောနယ်မြေဖြစ်တဲ့ ၊ ကြိုးဝိုင်းသစ်တောဖြစ်တဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေများ၌ လည်းကောင်း၊ ဆင်များရဲ့ နေရင်းဒေသအဖြစ်သတ်မှတ်ကာ ဥပဒေနဲ့ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းရေးကို အဓိက တာဝန်ယူထားရတဲ့ သစ်တောဦးစီးဌာနဟာ အင်အားဖြင့် လည်းကောင်း၊ ဆက်စပ်အဖွဲ့အစည်းများနှင့် လည်းကောင်း ၊ မိတ်ဖက် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် လည်းကောင်း၊ ပူးပေါင်းပြီး တောဆင်ရိုင်းများ ထိန်းသိမ်းကာကွယ်ခြင်း၊ သတ်ဖြတ်မှုများကို အရေးယူတားဆီးခြင်း၊ ဆင်နှင့် ဆင်အစိတ်အပိုင်းများ တရားမ၀င် သယ်ဆောင်ရောင်းဝယ်ခြင်းတို့ကို ကျွန်တော်တို့ အရေးယူ တိုက်ဖျက်လျှက်ရှိပါတယ်” လို့ ဝန်ကြီး ဦးအုန်းဝင်းက ပြောပါတယ်။

တောဆင်ရိုင်းတွေကို အဆင့်အမြင့်ဆုံး ကာကွယ်စောင့်ရှောက်ထားတယ်လို့ ဝန်ကြီးက ပြောဆိုပေမယ့် စစ်တမ်းတွေအရ တောဆင်ရိုင်းတွေ သတ်ဖြတ်ခံရမှုဟာ မြင့်တက်လာနေပါတယ်။

ဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေအရ ၂၀၁၀ကနေ ၂၀၁၈ ဇူလိုင်အထိ ၈ နှစ်ခွဲကျော်ကာလအတွင်းမှာ တောဆင်ရိုင်း ၁၂၃ ကောင် သတ်ဖြတ်ခံခဲ့ရပြီး ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းတွေမှာ တောဆင်ရိုင်းတွေ အများဆုံး သတ်ဖြတ်ခံနေရတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်တွင် ရခိုင်ရိုးမနဲ့ ထိစပ်လျက်ရှိနေတဲ့ ပုသိမ်၊ ငပုတော၊ သာပေါင်း မြို့နယ်များတွင် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု အများဆုံးဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ စာရင်းများအရ ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် မေလအထိ ၇ နှစ်တာကာလအတွင်း ဧရာဝတီတိုင်းရှိ တောဆင်ရိုင်း ၅၉ ကောင်မှာ အစွယ်၊ အရေပြား၊ နှာမောင်းနှင့် ဆင်အသားများ ရောင်းချတဲ့ ဆင်သတ်မုဆိုးများလက်ချက်ဖြင့် သေဆုံးခဲ့ပါတယ်။

အဆိုပါ သတ်ဖြတ်မှုများအတွက် ၂၀၁၈ ဇန်န၀ါရီလကနေ ဇူလိုင်လအထိ တရားခံ ၃၂ ဦးကို ဖမ်းဆီးရမိပြီး ယခင် ဆင်သတ်ဖြတ်မှု ပြစ်မှုဟောင်းရှိသူ တရားခံပြေးများကိုလည်း ဖော်ထုတ်ရမိပြီး တည်ဆဲဥပဒေနှင့် အရေးယူကြောင်း ၀န်ကြီးက လွှတ်တော်မှာ ပြောကြားပါတယ်။

အစွယ်ရလိုမှုအတွက် အရင်က တောဆင်ရိုင်းအထီးတွေကိုပဲ သတ်ဖြတ်ခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာ အစွယ်အပြင် အသား၊ အရေ၊ အရိုးစတဲ့ အစိတ်အပိုင်အားလုံးကို တရားမဝင် ကူးသန်းရောင်းဝယ်တာတွေ များပြားလာတာကြောင့် ဆင်မတွေကိုပါ သတ်ဖြတ်လာကြတာ ဖြစ်ပါတယ်။

တောဆင်ရိုင်းများကို ဆင်သတ်မုဆိုးများက အဆိပ် လူးမြား၊ တူမီးသေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်၍ အစွယ်၊ အရေပြား၊ အသားနှင့်အမြီးများကို လှီးဖြတ်ရယူကာ တောရိုင်းတိရစ္ဆာန် ကုန်သည်များမှတဆင့် တရုတ်ပြည်နယ်စပ်သို့ တင်ပို့ရောင်းချလေ့ရှိတာပါ။