ကမ္ဘာ့နာမည်ကြီး အဆိုရှင် အရီတာဖရန်ကလင် ပန်ခရိယကင်ဆာဖြင့် ကွယ်လွန်

.

သြဂုတ် ၁၇ ။                ။ ကမ္ဘာ့နာမည်ကြီး အဆိုရှင် အရီတာဖရန်ကလင် (အသက် ၇၆ နှစ်)ဟာ ပြီးခဲ့တဲ့ကြာသာပတေးနေ့ ( သြဂုတ်လ ၁၆ ရက် )မှာ ပန်ခရိယကင်ဆာနဲ့ တက်တရွိုက်မြို့၊ မီချီဂန်ပြည်နယ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

အရီတာငယ်ရွယ်စဉ်အခါက ဖခင်ဖြစ်သူ စီအယ်လ်ဖရန်ကလင် စီမံခန့်ခွဲနေတဲ့ တက်ထရွိုက် ဘုရားကျောင်းမှာ သီချင်းစတင်သီဆိုခဲ့တာဖြစ်ပါတယ်။

၁၉၆၇ ခုနှစ်မှာ Atlantic Records နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက်ပိုင်း တေးရေး၊ တေးဆို၊ စန္ဒရားတီးခတ်သူ အရီတာဖရန်ကလင်ဟာ Respect၊ A Natural Woman၊ Spanish Harlem၊ Think အစရှိတဲ့ သီချင်းတွေနဲ့ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

၁၉၆၀ ပြည့်နှစ်နောက်ပိုင်းကာလမှာ Queen of Soul အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အရီတာရဲ့ သီချင်းတွေဟာ ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

အရီတာဟာ ဆေးလိပ်နဲ့ အရက်ကို ခုံမင်သူတစ်ဦးဖြစ်ခဲ့သလို ၁၉၇၄ ခုနှစ်ကလည်း ကိုယ်အလေးချိန် ပေါင် ၄၀ အထိချခဲ့ဖူးတယ်လို့ သိရပါတယ်။

၁၉၉၂ ခုနှစ်မှာ ဆေးလိပ်ဖြတ်ခဲ့တဲ့ အရီတာဟာ “ဆေးလိပ်သောက်ရင် အသံမကောင်းတော့ဘူး၊ ဆေးလိပ်ဖြတ်ရင် ကိုယ်အလေးချိန်တက်တယ်။”လို့ ၁၉၉၄ ခုနှစ်တုန်းက ပြောခဲ့ပါတယ်။

ဆေးလိပ်အလွန်အကျွံသောက်သုံးတာ၊ ကိုယ်အလေးချိန်ကို ခဏခဏလျှော့ချရတာတွေက အရီတာရဲ့ ကျန်းမာရေးကို ထိခိုက်လာစေခဲ့တာဖြစ်ပါတယ်။

အရီတာရဲ့ သေဆုံးမှုဟာ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေ၊ အနုပညာရှင်တွေသာမက ထိပ်သီးနိုင်ငံရေးခေါင်းဆောင်ကြီးတွေကိုပါ ၀မ်းနည်းစေခဲ့ရတာဖြစ်ပါတယ်။

အရီတာငယ်ငယ်တုန်းက သီချင်းဆိုခဲ့တဲ့ တက်ထရွိုက်ဘုရားကျောင်းမှာ ပရိသတ်တွေ စုရုံးပြီး ၀မ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်တွေ လုပ်ခဲ့ကြသလို နိုင်ငံရေးခေါင်းဆောင်တွေ၊ အနုပညာရှင်တွေကလည်း ၄င်းတို့ရဲ့ တွစ်တာစာမျက်နှာတွေမှာ အရီတာအတွက် ဆုတောင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။