မန္တလေးတွင် ရဲတပ်ဖွဲ့ဝင် အချင်းချင်းစကားများရာမှ သေနတ်ပစ်ခတ်မှုဖြစ်ပွား

.

ပြစ်မှုကျူးလွန်သည့်ရဲတပ်သား။ (ဓာတ်ပုံ-အမှတ် ၇ ရဲစခန်း)
 

မန္တလေး ၊ သြဂုတ် ၁၇ ။           ။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အမှတ်  ၇ ရဲစခန်းအပိုင်နယ်မြေဖြစ်သည့် သံလျှက်မှော် အရှေ့ရပ်ကွက်၊လှုပ်ရှားရဲကင်းတွင် သြဂုတ် ၁၆ ရက်ည ၉ နာရီကျော်က လှည့်ကင်းထွက်ရန်အတွက် ပြင်ဆင်နေစဉ် ရဲတပ်ဖွဲ့ဝင် အချင်းချင် စကားများရာမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ သံလျှက်မှော်အရှေ့ရပ်ကွက် လှုပ်ရှားမှုရဲကင်းမှ ဒုတပ်ကြပ် စိုးလင်း(ငါန်းဇွန်မြို့နယ်ရဲတပ်ဖွဲ့)နှင့် ကျောက်ပန်းတောင်းမြို့နယ်၊ရဲတပ်ဖွဲ့မှ တွဲဖက် ရဲတပ်သားရဲရင့်အောင်တို့ နှစ်ဦးမှာ လှည့်ကင်းထွက်ရန်အတွက် ပြင်ဆင်နေစဉ် စကားများပြီး ရဲတပ်သားက ၁၂ဗို့ပြောင်းချောသေနတ်(14-M02248)ဖြင့် ဒုတပ်ကြပ်အား အနီးကပ်နှစ်ချက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုကြောင့် ညာပေါင်ရင်း၊ဘယ်ဘက်နားနှင့်နဖူးတို့တွင် ဒဏ်ရာများရရှိခဲ့ကာ လက်ရှိ၌ မန္တလေးအထွေထွေကုဆေးရုံကြီးတွင် ကုသနေပြီး ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သည့် ရဲတပ်သားအား အမှတ် ၇ နယ်မြေရဲစခန်းအချုပ်တွင် ချုပ်နှောင်ထားရှိပြီး ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မန္တလေးမြို့တွင် ဒုစရိုက်မှုများနှိမ်နှင်းရန်အတွက် တိုင်းအတွင်းရှိမြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များကို နယ်မြေခံရဲတပ်ဖွဲ့ဝင်းများဖြင့် ပူးပေါင်း၍ လှုပ်ရှားရဲကင်းများတွင် တာဝန်ထမ်းဆောင်နေကြခြင်း ဖြစ်ကြောင်းသိရသည်။