ဘားအံ၌ ဒုတိယအကြိမ် ရေကြီးမှုဖြစ်ပွားပြီး လူ ၄၀၀၀ ခန့်ရေဘေးဒုက္ခခံစားနေရ

.

ကရင်ပြည်နယ် ရေကြီးမှုအခြေအနေများကို မြင်တွေ့ရစဉ် ။ Photo- EPA

ရန်ကုန် ၊ သြဂုတ် ၁၆ ။          ။ ကရင်ပြည်နယ် ဘားအံမြို့၌ ရေကြီးနစ်မြှုပ်မှုဒဏ်ကို ဒုတိယအကြိမ် ခံစားနေရပြီး ရေဘေးရှောင် ပြည်သူများ အတွက် မြို့ပေါ်၌ ကယ်ဆယ်ရေးစခန်း ၆ ခုကို ဖွင့်လှစ်ထားသည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး မင်းတင်ဝင်းက မဇ္ဈိမသို့ပြောသည်။

“ပထမရေတက်တုန်းက ဒုက္ခသည်တွေက ရေကျတော့ ကိုယ့်အိမ်ကိုယ်ပြန်သွားကြတယ်လေ။ အိမ်ပြန် ရောက်တယ်ဆိုတာနဲ့ တစ်ခါတည်း ၂ ရက်လောက်နေတော့ ရေက ပြန်တက်လာရော။ အဲ့တော့ နေစရာမှ မရှိဘဲကိုး ပြန်လာကြတာပေါ့။ ဒါပေမယ့် အရေအတွက်အားဖြင့် ပထမအကြိမ်ကလောက် မများပါဘူး”ဟု မင်းတင်ဝင်း က ဆိုသည်။

မိုးအကြီးအကျယ်ရွာသွန်းခဲ့မှုကြောင့် သံလွင်နှင့် သောင်ရင်းမြစ်ရေများ မြင့်တက်လာကာ ဘားအံ၊ လှိုင်းဘွဲ၊ မြဝတီ ၊ ကော့ကရိတ်မြို့တို့၌ ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့ မှ သြဂုတ်လ ၅ ရက်နေ့အထိ ရေကြီး နစ်မြှုပ်မှုဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရသည်။

ယင်းနောက် ဒုတိယအကြိမ် ရေကြီးခြင်းကို သြဂုတ်လ၁၂ ရက်နေ့မှ စတင်ကြုံတွေ့ခဲ့ပြီး လက်ရှိအချိန်အထိ ခံစားနေရခြင်းဖြစ်သည်ဟု မင်းတင်ဝင်းကဆိုသည်။ သို့သော်လည်း ယခုတစ်ကြိမ် ရေဘေးရှောင်ပြည်သူများ သည် ပထမအကြိမ်လောက် များပြားခြင်း မရှိကြောင်း ၄င်းကဆိုသည်။

လက်ရှိအချိန်တွင် ဘားအံမြို့ပေါ်၌ ရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုကို ဖွင့်လှစ်ထားရှိပြီး ရေဘေးရှောင် ပြည်သူ ၄၀၀၀ ကျော် ရှိနေသည်။

ပြီးခဲ့သည့်လ ပထမအကြိမ် ရေကြီးမှုကြောင့် ကရင်ပြည်နယ်တစ်ခုလုံးတွင် ရေဘေးကယ်ဆယ်ရေးစခန်း ၅၃ ခု ဖွင့်လှစ်ခဲ့ပြီး ဘားအံမြို့နယ် တစ်ခုတည်းပင်လျှင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၆ ခု ဖွင့်လှစ်ခဲ့ရသည်။ ရေကြီးနစ်မြှုပ်မှုကြောင့် ရေဘေးရှောင် ပြည်သူပေါင်းသုံးသောင်းခုနစ်ထောင်ကျော် ၊ အိမ်ထောင်စုပေါင်း ခုနှစ်ထောင့် ခြောက်ရာကျော် ရှိခဲ့သည်။