မြန်မာပြည်အောက်ပိုင်းဒေသများ မိုးပိုလာနိုင်ဟု ခန့်မှန်း

.

ရန်ကုန် ၊ သြဂုတ် ၁၆ ။             ။ သြဂုတ်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း မုတ်သုံလေ အားကောင်းခြင်းများကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် သိသိသာသာမိုးပိုလာနိုင်မည်ဟု မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဦးထွန်းလွင်က ခန့်မှန်းပြောဆိုထားသည်။

“မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ရွာသွန်းမြဲထက် သိသိသာသာ မိုးပိုနိုင်ပါတယ်” ဟု ဦးထွန်းလွင်က ဆိုသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် အပူပိုင်းမုန်တိုင်းတစ်ခုဖြစ်ပေါ်နေပြီး ယင်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် အရှေ့လေပွေလှိုင်းမိုးတွေ ရွာသွန်းနိုင်မည်ဟုလည်း ၄င်းကဆိုသည်။

လေတိုက်နှုန်းတွေအနေဖြင့် ရခိုင် ဧရာဝတီတိုင်း အနောက်ဖက် ကမ်းရိုးတန်းတွင် တစ်နာရီ မိုင် ၂၀ မှ ၂၅ မိုင် အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင်မှာ ၁၀ ပေမှ ၁၅ ပေအထိ ရှိနိုင်သည်။

“ရခိုင်ကမ်းလွန်ဒေသတွင် လှိုင်းကြီးနိုင်ပါတယ်” ဟု ဦးထွန်းလွင်က ခန့်မှန်းပြောဆိုထားသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် မိုး ဆက်လက်ပိုနေမည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ် ၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဒုတိယအကြိမ် ရေကြီးမှုဒဏ်ကို ခံစားနေရသည်။

မြန်မာနိုင်ငံတစ်ပြည်လုံး၌ နေရာကွက်၍ မိုးကြီးနေသည့်အပြင် ဒီရေမြင့်တက်လာခြင်း ကြောင့် သံလွင်မြစ်၊ စစ်တောင်းမြစ် ၊ ပဲခူးမြစ်နှင့် ဘီးလင်းမြစ်ရေတို့မှာ ပြန်လည်မြင့်တက်လာသည်။

ယင်းအပြင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ထူးကဲဒီရေတက်လာနိုင်သောကြောင့် ဩဂုတ် ၁၃ ရက်မှ ၁၆ ရက်အတွင်း သတိပြုနေထိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းထုတ်ပြန်ထားသည်။