ဂင်းနစ်မှတ်တမ်း စံချိန်တင် ကမ္ဘာ့အရပ်အပုဆုံး ပုဂ္ဂိုလ် ကွယ်လွန်

ဂင်းနစ်မှတ်တမ်း စံချိန်တင် ကမ္ဘာ့အရပ်အပုဆုံး ပုဂ္ဂိုလ် ကွယ်လွန်

ဂင်းနစ်ကမ္ဘာ့မှတ်တမ်းတွင် အရပ်အပုဆုံးပုဂ္ဂိုလ်အဖြစ် စံချိန်တင်ဖော်ပြခံရသူ နီပေါအမျိုးသား ချန်ဒရာဘာဟာဒူးသည် စက်တင်ဘာ ၄ ရက်က တောင်ပစိဖိတ် အမေရိကန်ပိုင်နယ် ဆာမိုအာကျွန်းတွင် ကွယ်လွန်သွားခဲ့သည်။

ဘာဟာဒူးကို ဂင်းနစ်မှတ်တမ်းက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ကမ္ဘာ့အရပ်အပုဆုံး အမျိုးသားအဖြစ် ဖော်ပြစံချိန်တင်ခဲ့ခြင်းဖြစ်သည်။

ဂင်းနစ်မှတ်တမ်းတွင် စံချိန်တင်ဖော်ပြခံရစဉ်၌ ဘာဟာဒူး၏ အသက်မှာ ၇၂ နှစ်ရှိနေပြီး အရပ်အမြင့် ၂၁ ဒသမ ၅ လက်မဖြင့် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

နီပေါအနောက်ပိုင်း ဒန်ဒေသတွင် နေထိုင်သူ ဘာဟာဒူးက အမေရိကန်သို့ အလည်ခရီး ရောက်ရှိနေခြင်းဖြစ်ပြီး ထိုသို့ ရောက်ရှိစဉ် ဆေးရုံတက်ရောက်ရကာ ဆေးရုံပေါ်တွင်ပင် သေဆုံးခြင်းဖြစ်ကြောင်း ၎င်း၏ မန်နေဂျာဖြစ်သူက ပြောသည်။ သေဆုံးချိန်တွင် ဘာဟာဒူးအသက်မှာ ၇၅ နှစ်ရှိပြီဖြစ်သည်။

ဆာမိုအာကျွန်း ပါဂိုပါဂိုရှိ Lyndon B Johnson Tropical Medical Centre ဆေးရုံသို့ နာဖျားမကျန်းဖြစ်၍ တက်ရောက်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၄ ရက် နေ့လည်ပိုင်းခန့်တွင် နောက်ဆုံးထွက်သက်ချုပ်ငြိမ်းသွားခဲ့ခြင်းဖြစ်ကြောင်း မန်နေဂျာဖြစ်သူက ပြောပြီး "သူ ဆုံးပါးသွားတာက ကျွန်တော်အတွက် တကယ် ဝမ်းနည်းရပါတယ်။"ဟု ဆိုသည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly