လူမည်းတွေကို နီဂရိုးလို့ ထရမ့်က ခေါ်ဝေါ်မသုံးစွဲခဲ့ကြောင်း အိမ်ဖြူတော် အာမခံ မပေးနိုင်

.

ဝါရှင်တန်၊ သြဂုတ် ၁၅ ။        ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လူမည်းတွေအပေါ် ခွဲခြားနှိမ်ချတဲ့ စကားလုံးဖြစ်တဲ့ nigger နီဂရိုးဆိုတဲ့ အသုံးအနှုန်းကို ဘယ်တော့မှ ခေါ်ဝေါ်သုံးစွဲတာမျိုး မရှိဘူးလို့ အိမ်ဖြူတော်က အာမခံ မပေးနိုင်ဘဲ ဖြစ်နေပါတယ်။

ထရမ့်ရဲ့ အကြံပေးဟောင်း လူမည်းအမျိုးသမီးတစ်ဦးက သမ္မတ ထရမ့်ဟာ နီဂရိုးဆိုတဲ့ အသုံးအနှုန်းကို ခေါ်ဝေါ်သုံးစွဲဖူးတယ်ဆိုတာ သက်သေပြနိုင်တဲ့ အသံသွင်းတိတ် ရှိထားတယ်လို့ စွပ်စွဲနေချိန်မှာ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ဆာရတ်ဟုခ်ျကာဘီဆန်းဒါးစ်က ခုလို အာမခံမပေးနိုင်တာပဲ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ဟာ တွစ်တာကနေပြီး ဒီလို သုံးနှုန်းတာမျိုး မရှိခဲ့ဘူးလို့ အထူးငြင်းဆန်ထားကြောင်း သြဂုတ် ၁၄ ရက်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဆန်းဒါးစ်က ပြောပါတယ်။

“ကျွန်မအနေနဲ့ သေချာပြောနိုင်တာကတော့ သူ ဒီအသုံးအနှုန်း ဒါမှမဟုတ် အလားသဏ္ဍန်တူ အသုံးအနှုန်းမျိုး ပြောဆိုသုံးနှုန်းတာမျိုး တစ်ခါမှ မကြားဘူးသေးပါဘူး။”လို့ ဆန်းဒါးစ်က ထပ်လောင်းပြောခဲ့ပါတယ်။

ဒါပေမယ့် အိမ်ဖြူတော်မှာ သမ္မတ ထရမ့် ပြုလုပ်တဲ့ အလုပ်သဘောတွေ့ဆုံမှုတွေမှာ မပါဝင်ရတော့တဲ့ အချိန်နောက်ပိုင်း သမ္မတဟာ ဒီခွဲခြားနှိမ့်ချတဲ့ အသုံးအနှုန်းကို လုံးဝ မသုံးခဲ့ဘူးဆိုတာကိုတော့ သူ့အနေနဲ့ အာမ မခံနိုင်ကြောင်း ဆန်းဒါးစ်က ပြောခဲ့တာပဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ရှောင်ကြဉ်ကြရတဲ့ အသုံးအနှုန်း ဖြစ်ပြီး အရမ်းကို ခွဲခြားနှိမ့်ချတာလည်း ဖြစ်တဲ့ နီဂရိုးဆိုတဲ့ ဒီ အသုံးအနှုန်းကို သုံးစွဲတယ်လို့ ထရမ့်ရဲ့ အာဖရိကန် အမေရိကရေးရာ အကြံပေးဟောင်း အိုမာရိုဆာမန်နီဂေါနယူးမန်းဆိုတဲ့ အမျိုးသမီးက ထရမ့်အပေါ် စွပ်စွဲပြောဆိုထားတာ ဖြစ်ပါတယ်။

ဒီ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီးက ဆန်းဒါးစ်က ခု သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ဖြေရှင်းနေရတာပဲ ဖြစ်ပါတယ်။

မန်နီဂေါနယူးမန်းရဲ့ ပြောဆိုစွပ်စွဲချက်တွေဟာ စိတ်မကောင်းစရာပဲ ဖြစ်ပြီး သူဟာ သမ္မတ ထရမ့်နဲ့ အခြားအစိုးရအရာရှိကြီးတွေနဲ့ စကားပြောဆိုတာတွေကို အသံဖမ်းထားတယ်ဆိုတာ ဂုဏ်သိက္ခာပျက်ပြားတဲ့ လုပ်ရပ်မြောက်တယ်လို့ ဆန်းဒါးစ်က ပြောဆိုခဲ့ပါတယ်။