ပါတီတွင်း လျှို့ဝှက်ချက်ပေါက်ကြားအောင်ပြုလုပ်သူအား အရေးယူမည်ဟုဆို

.

မကွေး ၊ သြဂုတ် ၁၅ ။          ။ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းအစိုးရအဖွဲ့ အပေါ် အကြည်ညိုပျက်အောင်   ရေးသားပြောဆိုမှုများအတွက် တရားစွဲဆိုရန် ပါတီတွင်း လျှိဝှက်ထုတ်ပြန်ခဲ့ခြင်း ကို ပေါက်ကြားအောင် ပြုလုပ်ခဲ့သူများအား အရေးယူသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ရက်နေ့က မြို့နယ်အလုပ်အမှုဆောင်အဖွဲ့များထံသို့ အဆိုပါ အကြောင်းကြားစာ ထုတ်ပြန်ခဲ့ရာမှ လူမှုကွန်ရက်စာမျက်နာပေါ်ရောက်ရှိခဲ့ပြီး အများပြည်သူများ ဝေဖန်မှုများ ရှိနေကြောင်း အဆိုပါစာအား လူမှုကွန်ရက်ပေါ် ညွှန်ကြားချက်မရှိဘဲ တင်ခဲ့သည့်အတွက် စုံစမ်းစစ်ဆေးကာ လိုအပ်ပါက အရေးယူသွားမည်ဖြစ်ကြောင်း ဦးသိန်းဇော်က ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ အချို့မြို့နယ်များတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား အလွန်အမင်း ညစ်ညမ်းစွာ ဆဲဆိုရေးသားကြသဖြင့် ခရိုင်နှင့် မြို့နယ်များရှိပါတီအလုပ်အမှုဆောင်များ စနစ်တကျအလုပ်လုပ်ကိုင်နိုင်ရန် အကြောင်းကြားခြင်းဖြစ်ကြောင်း တိုင်းဥက္ကဋ္ဌ ဦးသိန်းဇော်က ဆိုသည်။

“စလင်းမှာ တရားစွဲတဲ့ကိစ္စမှာ ကျွန်တော်တို့ တိုင်းက မသိရဘူး။ အဲ့ဒီတော့ ဒီပေါ်မှာ အခြေခံပြီး မဖြစ်သင့်တာတွေ မဖြစ်အောင်၊ စွဲခံရသူလဲ မနစ်နာရအောင် စွဲသင့်တာ မစွဲသင့်တာ ဆင်ခြင်ပြီး ဆင်ခြင်နိင်အောင် ကျွန်တော်တို့က စေတနာနဲ့ ထုတ်တဲ့စာပါ။ မစွဲသင့်ဘဲ စွဲမိရင် အစွဲခံရတဲ့သူ နစ်နာတယ်။ စွဲသင့်ပါလျက်မစွဲခဲ့ရင် ကျွန်တော်တို့ဘက်မှာ တာဝန်ရှိတယ်။ ဒါကြောင့် မြို့နယ် အလုပ်အမှုဆောင်နဲ့ တိုင်းအလုပ်အမှုဆောင်တို့တာဝန်ကျေနိင်အောင် တွေ့လာတဲ့ အတွေ့ကြုံတွေ အရ တိုင်းအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်နဲ့ တိုင်းအတွင်း ၂၅မြို့နယ်ကို စာထုတ်ပြန်တာပါ။ အကြောင်းကြားစာမှာလည်း ဥပဒေပညာရှင်များနဲ့ ညှိ့နှိုင်းပြီး တိုင်ပင်ပြီး တရားစွဲရန်လို့ ပါပါတယ်”ဟု ဦးသိန်းဇော်က ပြောသည်။

အဆိုပါစာအား ညွှန်ကြားချက်မရှိပဲ လူမှုကွန်ရက်စာမျက်နှာပေါ်တင်ခဲ့သူကို ဖြေရှင်းချက် တောင်းသွားမည်ဖြစ်ပြီး ပါတီစည်းကမ်းထိန်းသိမ်းရေးအရ အစည်းအဝေးပြုလုပ်ကာ လိုအပ်သလို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းNLDအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဖွဲ့အစည်းတစ်ခုကိုသော်လည်းကောင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း ၊ သာမန်ပြည်သူတစ်ယောက်ကိုသော်လည်းကောင်း ဥပဒေနှင့်မညီသည့် ထိခိုက်စော်ကားမှုများအား တုန့်ပြန်အရေးယူနိုင်သည့် ဥပဒေရှိပြီးသားဖြစ်သော်လည်း အဆိုပါညွှန်ကြားချက်ထုတ်ပြန်ရန် မလိုအပ်ကြောင်း မကွေးတိုင်းဒေသကြီးမှ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိုးက ဆိုသည်။

'' ဒီညွှန်ကြားချက်ဟာ အထူးတလည်ဆောင်ရွက်ချက်တစ်ရပ်လို့ ကျွန်တော်တော့မမြင်ဘူး။ ထိထိရောက်ရောက်တုံ့ပြန်ဆောင်ရွက်ဖို့အတွက် ဒီစာကိုထုတ်လိုက်တာလို့မြင်တယ်။ နောက်တစ်ချက်က လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က တရားလိုလုပ်ပြီး တရားစွဲဖို့စီစဉ်နေတာလို့ပဲ မြင်ပါတယ်" ဟု တရားလွှတ်တော်ရှေ့နေဦးအောင်ကျော်စိုးက ပြောသည်။

မကွေးတိုင်းအတွင်းတွင် နိင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပုတ်ခတ်ရေးသားမှုကြောင့် တရားစွဲဆိုမှု စလင်းမြို့တွင်(၂)မှု၊ ပွင့်ဖြူမြို့တွင်(၁)မှု ရှိခဲ့သည်။