ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သည့် ၈၈ မျိုးဆက် မမီးမီးအား သြဂုတ်လ ၁၇ ရက်နေ့ သဂြုင်္ိဟ်မည်

.

ဓာတ်ပုံ - သက်ကို

ရန်ကုန် သြဂုတ် ၁၅ ။           ။ ယာဉ်မတော်တဆဖြစ်မှုဖြင့် ကွယ်လွန်ခဲ့သည့် ၈၈ မျိုးဆက် မမီးမီး(ခ) ဒေါ်သင်းသင်းအေး၏ ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို လာမည့် သြဂုတ်လ ၁၇ ရက်နေ့၌ ရန်ကုန်မြို့ရေဝေးသုသာန်တွင် ဂူသွင်း သဂြုင်္ိဟ် သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအနေအထားတွင် မမီးမီး၏ ရုပ်အလောင်းကို အခင်းဖြစ်ပွားရာနေရာမှ ရန်ကုန်မြို့၊ ရေဝေးသုသာန် ရေခဲတိုက်သို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းအဖွဲ့မှ ကိုမာကီးက မဇ္ဈိမသို့ ပြောသည်။

" လာမယ့်သောကြာနေ့ နေ့လယ် ၂ နာရီကနေ ၄ နာရီအထိ ရေဝေးသုသာန်မှာ ဈာပနအခမ်း အနား လုပ်သွားမယ်။ ၈၈ မျိုးဆက်က ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့လာမယ်။ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့တာ ဖတ်ကြားဖို့လည်း ရှိပါတယ်။" ဟု ကိုမာကီးက ပြောသည်။

ထို့ပြင် မမီးမီး၏ ဈာပနအခမ်းအနားသို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များလည်း တက်ရောက်ဖွယ်ရှိသည်ဟု ကိုမာကီးက ဆက်ပြော သည်။

" အစိုးရအဖွဲ့တွေလည်း လာကြလိမ့်မယ်ထင်တယ်ဗျ။ လူမှုရေးဝန်ကြီးတို့ လာလိမ့်မယ် ထင်တယ်။ ဈာပန အခမ်းအနားအတွက်ကတော့ ကျွန်တော်တို့ ပြင်ဆင်နေကြပါတယ်။ " ဟုကိုမာကီးက ဆက်ပြောသည်။

၈၈ မျိုးဆက် မမီးမီးသည် ၁၉၈၈ ခုနှစ်မှ စတင်၍ နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်လုံခြုံရေး တာဝန်ယူခဲ့ဖူးသူဖြစ်သည်။ ထို့ပြင်၂၀၀၇ ခုနှစ်က လောင်စာဆီဈေးနှုန်းနှင့် ကုန်ဈေး နှုန်းကျဆင်းရေးတို့အတွက် ဆန္ဒထုတ်ဖော်ခဲ့ပြီး ၁၉၉၆ ခုနှစ်က ၁ ကြိမ်နှင့် ၂၀၁၇ ခုနှစ်က ၁ ကြိမ်ဖမ်းဆီးခံရ၍ စုစုပေါင်း ထောင်တွင်း နှစ် ၂၀ နေထိုင်ခဲ့ရသူဖြစ်သည်။

မမီးမီးသည် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့မှကဗျာဆရာ မောင်အောင်ပွင့်၏ဇနီး နာရေးသို့သွားရောက်ခဲ့ပြီး အပြန် ပုသိမ်ရန်ကုန်အဝေးပြေး လမ်းကျောင်းကုန်းမြို့နယ် အပိုင်အတွင်း ယာဉ်မတော်တဆမှု ဖြစ်ပွားကာ ဆေးရုံအရောက်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

မမီးမီးသည် ကွယ်လွန်ချိန်တွင် အသက် ၄၇ နှစ် ရှိပြီဖြစ်ကာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း အဖွဲ့တွင် အမျိုးသမီးဌာန ဒုတိယတာဝန်ခံအဖြစ် တာဝန်ယူဆောင်ရွက်နေစဉ်ဖြစ်သည်။သူ့၏ ပုံတူရုပ်တုကို ရန်ကုန် နာရေးကူညီမှုအသင်းတွင် ပရဟိတစံပြသူရဲကောင်းအဖြစ် ထားရှိမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးကျော်သူက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။