စစ်တပ်တွင်း မဲရုံများအား လေ့လာ၊ သတင်းယူလိုလျှင် တပ်စည်းကမ်းကိုလည်း လိုက်နာရမည်

စစ်တပ်တွင်း မဲရုံများအား လေ့လာ၊ သတင်းယူလိုလျှင် တပ်စည်းကမ်းကိုလည်း လိုက်နာရမည်

ရန်ကုန်၊ စက်တင်ဘာ ၅ ။ ။ စစ်တပ်အတွင်းထားရှိမည့် မဲရုံ၏ ပရဝဏ်အကျယ်အဝန်းကိုသာ မဲရုံမှူးက သတ်မှတ်ပေးမည်ဖြစ်ပြီး ကျန်စည်းမျဉ်းစည်းကမ်းများကို တပ်ပိုင်းဆိုင်ရာက ချမှတ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးလှမောင်ချိန်က မဇ္ဈိမသို့ပြောသည်။

မီဒီယာနှင့် လေ့လာစောင့်ကြည့်သူများအနေဖြင့်လည်း တပ်တွင်းမဲရုံပရဝဏ်အတွင်းသာ သွားလာခွင့် ရမည်ဖြစ်သည်။

''မဆိုင်တဲ့နေရာတွေ ဓါတ်ပုံရိုက်တာမျိုးကျတော့ တပ်ကသူတို့ဟာနဲ့သူတို့ အရေးယူပါလိမ့်မယ်။ အိမ်သာက မဲရုံပရဝဏ်နဲ့ ဝေးနေတာမျိုးကျတော့ ကျွန်တော်မမြင်ရသေးလို့ မပြောနိုင်ပါဘူး။ သွားလို့ရမယ့် ဧရိယာအထိ သွားလို့ရမယ်။ ကျန်တာ သူတို့တပ်က ကန့်သတ်ပါလိမ့်မယ်။'' ဟု ၎င်းက ပြောသည်။

စစ်တပ်ဧရိယာအတွင်း မဲရုံဖွင့်လျှင် ကိုယ်စားလှယ်များ၊ လေ့လာစောင့်ကြည့်သူများ၊ မီဒီယာများအား ဝင်ရောက်ခွင့်ပြုရန် တပ်မတော်နှင့် ညှိနှိုင်းထားပြီးဖြစ်ကာ ဝင်ရောက်လေ့လာခွင့်မပြုပါက တပ်အပြင် မှာသာ မဲရုံဖွင့်ရမည်ဟု ကော်မရှင်ပြန်ကြားရေးတာဝန်ခံ ဒုတိယညွန်ကြားရေးမှူး ဦးထွန်းနိုင်ဦးက လည်း မဇ္ဈိမသို့ ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကလည်း "စောင့်ကြည့်လေ့လာသူ သွားမလား၊ ကိုယ်စားလှယ်သွားမလား၊ မီဒီယာ သွားမလား။ မသွားရ နယ်မြေတော့ မသွားရဘူးပေါ့။ မနက် ၆နာရီကနေ ညနေ ၄နာရီ ဒါမှမဟုတ် မဲရေတဲ့အချိန်တစ်ညလုံး စောင့်ကြည့်လို့ရပါတယ်။ ဒါကိုကျွန်တော်လည်း ပြောထားတယ်။ တပ်မတော်က အဲဒီလို အလာမခံချင်ဘူးဆိုရင် အပြင်မှာ မဲရုံဆောက် ပေးမယ်။ အပြင်မှာမဲပေး ဆိုပြီးတော့ ပြောထားတယ်။'' ဟု မဇ္ဈိမကို ဖြေကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly