HIV/ AIDS ရောဂါနှင့် မျိုးဆက်ပွားကျန်းမာရေး ပညာပေးဆွေးနွေးပွဲ ပြုလုပ်

.

ရန်ကုန်၊သြဂုတ်လ ၁၃ရက် ။             ။ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် HIV / AIDSရောဂါနှင့် မျိုးဆက်ပွား ကျန်းမာရေး ပညာပေးဆွေးနွေးပွဲပြခန်းများ၊ ဖျော်ဖြေရေးများကို ဒဂုံတက္ကသိုလ်ကျောင်းအတွင်းရှိ မိုးလုံလေလုံ အားကစားရုံတွင် ဩဂုတ်လ ၁၃ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါပွဲကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂတို့ပူပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ကျောင်းသားလူငယ်များအတွက် မျိုးဆက်ပွားကျန်းမာရေးကဏ္ဍကို အဓိကထား ပညာပေးချင်သောကြောင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒဂုံတက္ကသိုလ်၊ကျောင်းသားသမဂ္ဂမှ ဒုဥက္ကဋ္ဌ ကိုပိုင်ဖြိုးမင်းကပြောသည်။

" HIV / AIDSရောဂါနဲ့ မျိုးဆက်ပွားကျန်းမာရေးအနေနဲ့ ကျောင်းသားလူငယ်တွေအတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှောင်ကြဉ်ရမဲ့နည်းလမ်းတွေကို လူငယ်တွေ အများစုကမသိကြဘူး။ တစ်ချို့ကျတော့ သိရက်နဲ့ မလေ့လာတာတွေရှိတယ်။ဒီလိုမျိုးတွေမှာ တစ်ကူးတစ်က လေ့လာတာမဟုတ်ဘဲ ဒီလိုပွဲမျိုးတက်ခြင်းနဲ့ အနည်းနဲ့ အများတော့ မျိုးဆက်ပွားကျန်းမာရေးကို ဘာလည်းဆိုတောတီးမိခေါက်မိ ဖြစ်သွားမယ်။အဲ့ကနေမှ တစ်ဆင့်သူတို့ရဲ့လူမှုဘ၀ထဲကို ခေါ်ဆောင်သွားမယ်ဆိုရင် သူတို့အတွက်အကျိုးအများကြီးဖြစ်စေအောင်လို့ ရည်ရွယ်ပြီးလုပ်ဖြစ်တယ်" ဟု ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ က ဒုဥက္ကဋ္ဌ ကိုပိုင်ဖြိုးမင်းကပြောသည်။

၎င်းပညာပေးဆွေးနွေးပွဲတွင် ဆေးဘက်ဆိုင်ရာပြခန်းများ၊လူငယ်များအတွက် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲများကို ပြုလုပ်ခဲ့ပြီး အနုပညာရှင်များ၏ ဖျော်ဖြေမှုအစီစဉ်များလည်းပါဝင်ခဲ့သည်။