"သိန်းငှက် စစ်ဆင်ရေးကို စိန်ခေါ်လိုက်တဲ့ သေနတ်သမား"

.

 မန္တလေးမြို့ရဲ့လုံခြုံရေးက စိုးရိမ်စရာဖြစ်လာနေပါတယ်။ လုယက်မှု၊ခိုးမှုတွေအပြင် အနုကြမ်းစီးမှုတွေနဲ့ တိုက်ခန်းပေါ်တက်ပြီး လူသတ်ပစ္စည်းယူမှုတွေက ဆက်တိုက်ဆိုသလိုဖြစ်လာပါတယ်။

 ဒီလိုဖြစ်လာတဲ့အတွက်ကြောင့် သိန်းငှက်စစ်ဆင်ရေးဆိုပြီး လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်လာတာ တွေ့ရပါတယ်။ဒီစစ်ဆင်ရေးကို ဇွန်လ ၂၅ ရက်က စတင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း သိန်းငှက် စစ်ဆင်ရေးဟာ သာမာန်လုံခြုံရေးယူထားတာထက် ပိုလာတာ မတွေ့ရပါဘူး။နေ့၊ည ပိတ်ဆို့ရှာဖွေ တာလောက်ပဲ တွေ့ရပါတယ်။ မန္တလေးမြို့ကို တကယ်လုံခြုံအောင်တော့   ဆောင်ရွက်မပေးနိုင်သေးပါဘူး။

 အခုလို လုံခြုံအောင် ဆောင်ရွက်မပေးနိုင်ဘူးလို့ ပြောနိုင်တဲ့ အကြောင်းကလည်း ရှိနေပါတယ်။ သြဂုတ်လ ၁၃ ရက်နေ့က မန္တလေးမြို့လယ်ခေါင် နေ့ခင်းဘက် လူမြင်ကွင်းမှာ သေနတ်နဲ့ပစ်ပြီး လူသတ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူကိုတော့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက ဝိုင်းဝန်း ဖမ်းဆီးပေးခဲ့ကြပါတယ်။ ဒီနေရာမှာ မေးခွန်းထုတ်လိုတာကတော့ သိန်းငှက်စစ်ဆင်ရေးကို တာဝန်ယူဆောင်ရွက်ထားတဲ့ ပြည်သူ့ရဲတွေ ဘယ်ရောက်နေပါသလဲ။ ပြည်သူက ပြည်သူကို စောင့်ရှောက်ပေးနေရပါတယ်။ ပြည်သူက တာဝန်ကျေစွာနဲ့ ပြစ်မှုကျူးလွန်သူကိုဖမ်းပေးတယ်။ တစ်ယောက်ကလွတ်သွားတယ်။ ရဲဝန်ထမ်းတွေရဲ့ တာဝန်ယူမှု ၊တာဝန်ခံ မှုတွေက ဘယ်နေရာမှာလဲ။

 ဖမ်းမိတဲ့သူကို အောင်ပင်လယ်ရဲစခန်းမှာ ၄ နာရီကျော်စစ်ဆေးမှုတွေ လုပ်တယ်။ ဘာမှထုတ်ပြန်ပေးတာ မရှိဘူး။ ညနေ ၄ နာရီလောက်မှာ အောင်ပင်လယ်ရဲစခန်းကနေ တိုင်းရဲတပ်ဖွဲ့မှူးရုံးကို ခေါ်ဆောင်သွားတာ တွေ့ရပါတယ်။ အောင်ပင်ရဲစခန်းမှာ အဖွဲ့အစည်းစုံ ဝင်ထွက်စစ်ဆေးနေတာတွေ့ရပါတယ်။ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ နယ်/လုံ ဝန်ကြီး လာရောက်တာလည်းတွေ့ရပါတယ်။

နယ်/လုံ ဝန်ကြီးကို မဇ္ဈိမက လတ်တလောဆောင်ရွက်နေမှုတွေကို မေးမြန်းခဲ့ပေးမယ့် ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါဘူး။ ခရိုင်ရဲတပ်ဖွဲ့မှူးကိုလည်း မဇ္ဈိမကမေးမြန်းခဲ့ပါတယ်။ ဒါပေမယ့်ခါးခါးသီးသီး ငြင်းဆန်ခဲ့ပါတယ်။

 ဖြစ်စဉ်ဖြစ်ပွားမှုကို အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်မပေးနိုင်တာလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အားနည်းချက်ပါ။ လက်ရှိဆောင်ရွက်နေတဲ့ ကိစ္စတစ်ချို့နဲ့ လတ်တလော မြို့နေလူထုက သိချင်နေတဲ့ အချက် တစ်ချို့ကိုတော့ ထုတ်ပြန်ပေးရမှာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ အချိန်မှီ သတင်းထုတ်ပြန်မှု အားနည်းခဲ့တဲ့အတွက် မန္တလေးမြို့နေပြည်သူလူထုကြားမှာ ထင်မြင်ယူဆချက်အမျိုးမျိုးနဲ့ ပြောဆိုနေမှုတွေက မြို့နေလူထုကို ပိုမို ထိတ်လန့်စေပါတယ်။

ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေအရ ဖြစ်စဉ်တစ်ခုဖြစ်ပွားတိုင်း ချက်ခြင်းဖြေဖို့ခက်တယ်ဆိုတာကို အားလုံးက နားလည်ကြပါတယ်။ ဒါပေမယ့် လုံလောက်တဲ့ အချိန်တစ်ခုရောက်ရင်တော့   ဖြစ်စဉ်ကိုထုတ်ပြန်ပေးရမယ့် တာဝန် ရှိနေပါတယ်။ ဒါပေမယ့်လည်း အခုဖြစ်စဉ်မှာတော့ ရဲတပ်ဖွဲ့အနေနဲ့ ဘာတစ်ခုမှကို ပြန်လည် ထုတ်ပြန် ပြောဆိုတာ မရှိပါဘူး။ ပြည်သူက   ပြစ်မှုကျူးလွန်သူကိုဖမ်းပေးတယ်။ ပြည်သူသိချင်တဲ့ နောက်ဆက်တွဲ အဖြစ်အပျက်ကို ထုတ်ပြန်ဖို့ နောက်ကျတာကလည်း ပြည်သူကို မျက်ကွယ်ပြုတဲ့သဘော သက်ရောက် စေပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ ရပ်ကွက်တွေ ၊မြို့နယ်တွေထဲက သာမန်အဖြစ်အပျက်နဲ့ မှုခင်းအတွက် အမှုရှာတဲ့ အချိန်တွေမှာ အရပ်ဝတ်ရဲတွေရော ယူနီဖောင်းဝတ်ထားသူတွေရော အင်အားပြည့် ဆောင်ရွက်နေတာ တွေ့ရပေမယ့် ကြီးမားတဲ့ဖြစ်စဉ်တွေ(ဥပမာ သေနတ်ပစ်ခတ်မှုတွေ၊ ဗုံးပေါက်ကွဲမှုတွေ) ဖြစ်ပွားတဲ့အချိန်မှာ တော့ အရပ်ဝတ်ရဲရော ယူနီဖောင်းဝတ်ရဲရော ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံးကုန်တာ ထူးဆန်း လွန်းလှပါတယ်။ ဒါတွေဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စတွေပဲ ဖြစ်ပါတယ်။ ပြည်သူကို အကာအကွယ်ပေးဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေး၊ အေးချမ်းစွာ အသက်ရှင်နေထိုင်နိုင်ရေး အတွက် တာဝန်ယူဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်။

ယခုဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့လယ်ခေါင်က ဆိုင်ကယ်စီးပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တဲ့ ဖြစ်စဉ်မှာ နယ်မြေခံရဲတွေ နယ်ထိန်တွေ ဘာလုပ်နေလဲ၊ ဘယ်လိုတာဝန်တွေ ထမ်းဆောင်နေလဲဆိုတာ မေးခွန်း ထုတ်ဖို့ လိုလာသလို မြို့အဝင်ဂိတ်တွေမှာ လုံခြုံရေးတာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေကလည်း သတင်းပေးမှ သတင်းရမှ သေနတ်တွေ မူးယစ်ဆေးဝါးတွေ တားမြစ်ပစ္စည်းတွေကို ဖမ်းဆီးအရေးယူပြနိုင်တာဟာ ဂုဏ်ယူစရာတော့ မဟုတ်တောပါဘူး။ ပြည်သူအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းအနေနဲ့ ပြည်သူက သူတို့ကို မှီခိုအားကိုးရမယ့်အစား သူတို့က ပြည်သူတွေထံကနေ သတင်းအချက်အလက်နဲ့ ဖမ်းဆီးရေးအကူအညီတွေကို ပြန်ယူနေရတာဟာ အင်မတန်မှ အရုပ်ဆိုးအကျည်းတန်လှပါတယ်။

 မန္တလေးမြို့မှာ အခုလိုဖြစ်ပွားနေတာတွေနဲ့ ပတ်သက်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ မှန်မှန်ကန်ကန် သုံးသပ်အဖြေထုတ်ဖို့လိုလာပါပြီ။ မှုခင်းဖြစ်စဉ်တွေအတွက် လုယက်တာတွေ၊ အနုကြမ်းစီးတာတွေ၊ ခိုးမှုတွေ လူသေဆုံးမှုတွေနဲ့ မူးယစ်ဆေးဝါးအမှုတွေဟာ  မှုခင်းတင်ပြချက်တွေထဲမှာ လျှော့နည်းချင် လျှော့နည်းပါလိမ့် မယ်။ အမှန်တကယ် အပြင်လက်တွေ့မှာတော့ လျှော့နည်းတာမရှိသေးပါဘူး။အဲလိုပဲ မူးယစ်ဆေးဝါး ရောင်းဝယ် တာတွေကလည်း ထင်တိုင်းကြဲနေဆဲပါ။

ဒါ့အပြင် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ မြို့ဝင်၊မြို့ထွက်နဲ့ လမ်းဆုံ၊လမ်းခွတွေမှာ လူမြင်အောင် နေ့၊ည ရှာဖွေရေးလုပ်နေတာတွေဟာ အမှန်တကယ်ရော မြို့နေလူထုရဲ့လုံခြုံရေးအတွက် ထိရောက်ရဲ့လား။ မြို့ဝင်ဂိတ်တွေမှာ လုံခြုံရေးယူပြီး ကားတွေပေါ်တက်ရှာနေတာကရော လုံခြုံရေးအတွက် ဘယ်လောက် အကျိုးပြုပါသလဲ။ ဒါတွေကို သုံးသပ်ဖို့ လိုအပ်နေပါပြီ။ ဒါ့အပြင် မန္တလေးမြို့ထဲကို ဘယ်လို လူမျိုးတွေ စိမ့်ဝင် နေသလဲ။ ဘယ်သူတွေက ဘာတွေလှုပ်ရှားနေလဲ။ ဒါတွေကို နယ်မြေခံရဲတပ်ဖွဲ့တွေနဲ့ သက်ဆိုင်ရာမြို့နယ် ထွေ/အုပ်တွေကတာဝန်ရှိသူတွေ မသိဘဲ ပြည်သူတွေ ပြောမှ တိုင်မှ သတင်းပေးမှ ရှာဖွေ စုံစမ်းဖော်ထုတ် ဖမ်းဆီးနေကြတာတွေ လျှော့သင့်ပါပြီ။

မြို့နေပြည်သူတွေရဲ့ ဘ၀နဲ့ လုံခြုံရေးကို အမှန်တကယ် စေတနာထားတယ်ဆိုရင်တော့ စကားပြောတာတွေ လျှော့ပြီး အလုပ်တွေနဲ့ သက်သေပြဖို့လိုအပ်လာပါပြီ။ အထက်လူကြီးတွေ   နိုင်ငံတော်အဆင့် လူကြီးတွေ လာမှ လုံခြုံရေးကို ဖုတ်ပူမီးတိုက် ဆောင်ရွက်ပြီး လူမြင်ကောင်းအောင် လူကြီးကြိုက်အောင် ချီးမွှမ်းခံရအောင် လုပ်ပြနေရုံနဲ့ မန္တလေးမြို့ရဲ့ ပစ်ခတ်မှုတွေ လုယက်မှုတွေ ခိုးမှုတွေ မူးယစ်ဆေးဝါးမှုတွေက လျော့မသွားနိုင် ပါဘူး။ ဒါ့အပြင် တိုင်းအစိုးရအဖွဲ့အနေနဲ့ရော တိုင်းရဲတပ်ဖွဲ့အနေနဲ့ပါ ကျွန်တော်တို့ လုပ်နေတာပဲတို့ ပြည်သူက ပူးပေါင်းပါဝင်မှ ရမှာတို့ ၊သတင်းပေးပါတို့ ဆိုပြီးပြောနေဦးမယ်ဆိုရင်တော့ မန္တလေးမြို့ရဲ့ လုံခြုံရေးဟာ တစ်နေ့ထက် တစ်နေ့ ရင်လေးစရာ ဖြစ်နေပါလိမ့်မယ်။

 ဒါကြောင့် သြဂုတ်လ ၁၃ရက်နေ့က မန္တလေးမြို့လယ်ခေါင်မှာ ဖြစ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုဟာ မြို့နေ လူထုတွေရဲ့ လုံခြုံရေးကို ထိပါးသလို သိန်းငှက်စစ်ဆင်ရေးဆိုပြီး လှုပ်ရှားဆောင်ရွက်နေကြတဲ့ ရဲတပ်ဖွဲ့ကို လည်း စိန်ခေါ်လိုက်သလိုပါပဲ။ ဒီကိစ္စဟာ ပြီးပြီးရော ထားလို့ရမယ့်ကိစ္စတော့ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်အပေါ် သာမန်အတွေမျိုးလေးနဲ့ပဲ ဖြစ်ရိုးဖြစ်စဉ်ပုံစံမျိုးနဲ့လုပ်နေမယ်ဆိုရင်တော့ အရပ်သားတိုင်းအစိုးရအဖွဲ့ရဲ့ လုံခြုံရေးဟာလည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ စိုးရိမ်စရာ ဖြစ်နိုင်ပါတယ်လို့ တင်ပြလိုက်ပါတယ်။ ။