ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီး၊ တပ်မတော်မိသားစုတို့ စာအုပ်နှင့် ကွန်ပျူတာများလှူ

ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီး၊ တပ်မတော်မိသားစုတို့ စာအုပ်နှင့် ကွန်ပျူတာများလှူ

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် ။ ။ ရန်ကုန်တိုင်း၊ လသာမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှတို့မှ သုတ၊ ရသစာအုပ် ၅၀၀ အုပ် စက်တင်ဘာလ ၄ ရက်နေ့က လှူဒါန်းလိုက်သည်။

တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုကလည်း ကွန်ပျူတာ ၁၀ လုံးအား အလားတူ လှူဒါန်းကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အထက်တန်းပညာသင်ယူခဲ့သည့် အဆိုပါ အထက်တန်းကျောင်းမှ အကြီးစားပြုပြင်ပြီးသည့် နှစ်ထပ်ကျောင်းဆောင်ကြီးအား လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား၌ လှူဒါန်းကြခြင်းဖြစ်သည်။

နှစ်ထပ်ကျောင်းဆောင်ကြီးအား ကျပ်သိန်းပေါင်း ၃၉၀၀ အကုန်ကျခံ၍ အမိုးအုတ်ကျွတ်များ ပြုပြင်လဲလှယ်ခြင်း၊ တိုင်များအစားထိုးလဲလှယ်ခြင်း၊ ကြမ်းခင်း၊ တံခါးနှင့်ပြတင်းပေါက်များ၊ မျက်နှာကျက်များ ပြုပြင်လဲ လှယ်ခြင်း စသည့် အကြီးစားပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်ဟု မြဝတီသတင်းတပုဒ်က ဖော်ပြသည်။

ယခုကျောင်းဆောင် ပြုပြင်နိုင်ရေးအတွက် ကျောင်းသားဟောင်းများနှင့် အလှူရှင်များက ဝိုင်းဝန်းလှူဒါန်းကြပြီး ကျောင်းသားဟောင်း ဦးချစ်ညွန့်က ပြုပြင်ပြီးသည့် နှစ်ထပ်ကျောင်းဆောင်ကြီးနှင့် ပတ်သက်သော အထောက်အထား များကို ကျောင်းအုပ်ဆရာကြီး ဦးစိုးမင်းထံ လွှဲပြောင်းပေးအပ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဉာဏ်ရည်ထက်မြက်ပြီး၊ စဉ်းစားဆင်ခြင်တုံတရား ကောင်းသည့် လူငယ်များဖြစ်လာစေရန် မိဘများ၏ အားပေးမှုနှင့် ဆရာ၊ ဆရာမများ၏ သင်ကြားမှု အရေးကြီးသည်ဟု လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားဖွင့်ပွဲ၌ ထည့်သွင်းပြောကြားသည်။

စာသင်ကြားမှုသာမက ကျန်းမာကြံ့ခိုင်စေရန် ကာယအချိန်များပေးပြီး စနစ်တကျ သင်ကြားလေ့ကျင့်မှုပြုလုပ်ကြရန်၊ သို့မှသာ ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်နိုင်မည်ဟုလည်း အကြံပြုသွားသည်။

ထို့ပြင် ကျောင်းကျန်းမာရေးစစ်ဆေးမှုများ၊ ကျန်းမာရေးအသိပညာပေးမှုများပါ လုပ်ဆောင်ပေးစေလိုသည်ဟု ဆိုသည်။

ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများအနေဖြင့် ကလေးများ သုတ၊ ရသစာပေများကို မှန်မှန်ကန်ကန် ဖတ်ရှု လေ့လာသည့် အကျင့်ရရှိအောင် လုပ်ဆောင်ပေးခြင်းဖြင့် တစ်ဦးချင်း၏ အသိဉာဏ်မြင့်မားစေသကဲ့သို့ တိုင်းပြည် တည်ဆောက်ရေးတာဝန် ထမ်းဆောင်ရာတွင်လည်း အထောက်အကူရစေမည်ဟုလည်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အထက်တန်းပညာသင်ယူစဉ်က တက်ရောက်ခဲ့ သော ဒသမတန်း (A) အခန်းသို့ သွားရောက်ပြီး လက်ရှိပညာသင်ကြားနေသည့် ဒသမတန်း (A) ကျောင်းသူကျောင်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးဇော်သိန်း၊ ကျောင်းတာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူဟောင်းများ၊ အလှူရှင်များ တက်ရောက်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly