စိုးရိမ်စိတ်များနေသည့် အတွက် ကူဝိတ်အသင်းကို ဂိုးပြတ်ရှုံးခဲ့ခြင်း ဟု မိုဗစ် သုံးသပ်

စိုးရိမ်စိတ်များနေသည့် အတွက် ကူဝိတ်အသင်းကို ဂိုးပြတ်ရှုံးခဲ့ခြင်း ဟု မိုဗစ် သုံးသပ်
မြန်မာအသင်းနည်းပြ အေဗရာမိုဗစ်။ (ဓာတ်ပုံ- MFF)

စက်တင်ဘာ ၅၊ ရန်ကုန်။ ။ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဆင့်တွင် ကူဝိတ်အသင်းကို စံချိန်တင် ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည့် မြန်မာအသင်းအနေဖြင့် စိုးရိမ်စိတ်များနေသည့် အတွက် ချေပဂိုး တစ်ဂိုးမှ ပြန်မသွင်းနိုင်ပဲ ဂိုးပြတ်ရှုံးခဲ့ခြင်း ဖြစ်သည် ဟု မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အေဗရာမိုဗစ်က သုံးသပ်ခဲ့သည်။ မြန်မာအသင်းသည် အဆိုပါပွဲတွင် ကူဝိတ်အသင်းကို ကိုးဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် မြန်မာ့ဘောလုံးသမိုင်းတွင် အဆိုးရွားဆုံး ဂိုးရလဒ်ဖြင့် ရှုံးနိမ့်မှု အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

" ကူဝိတ်အသင်း နိုင်ပွဲအတွက် ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့ ကြိုးစားခဲ့ပေမယ့် အရှေ့အလယ်ပိုင်း အသင်းတွေနဲ့ ကွာဟနေဆဲပါပဲ။ ကျွန်တော် စင်ကာပူ အသင်းကို တာဝန်ယူခဲ့စဉ် ကလည်း အိုမန်ကို (၇-ဝ)နဲ့ ရှုံးခဲ့ဖူး ပါတယ်။ ဒီနေ့ပွဲ ရလဒ်အတွက်တော့ စိတ်မကောင်းပါဘူး။ ကူဝိတ်အသင်း ဘောလုံးပေးပို့မှု တွေကအစ ကောင်းမွန်သလို ရတဲ့အခွင့်အရေးတိုင်းကိုလည်း ဂိုးအဖြစ်ပြောင်းလဲ နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့လည်း အခွင့်အရေး (၃)ကြိမ် သေချာပေါက် ဂိုးရဖို့ဖြစ်ခဲ့ပေမယ့် ကစားသမားတွေ စိုးရိမ်စိတ် များနေလို့ တစ်ဂိုးမှ မရခဲ့ပါဘူး။ သေချာပေါက် အေးအေးဆေးဆေး ဂိုးသွင်းရမယ့် အချိန်မှာ စိုးရိမ်စိတ် များနေတဲ့အတွက် ကစားသမားတွေ ဂိုးမသွင်းနိုင်တာပါ။ ရာသီဥတုကတော့ ကူဝိတ်ရော မြန်မာအတွက်ပါ အတူတူပါပဲ။ ရာသီဥတု အတွက် ဘာမှ ပြောစရာမရှိ ပါဘူး" ဟု အေဗရာမိုဗစ် က ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ် သုံးပွဲ ကစားပြီးချိန်၌ တစ်ပွဲသရေ နှစ်ပွဲရှုံးရလဒ်ဖြင့် ရမှတ် တစ်မှတ်သာ ရရှိထားပြီး အုပ်စုတွင်း အမှတ်ပေးဇယား အောက်ဆုံးတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly