အာဆီယံငါးနိုင်ငံ ဖိတ်ခေါ်ဖူဆယ်ကလပ်ပြိုင်ပွဲ လိဂ်ချန်ပီယံ MIC အသင်း ပြိုင်မည်

အာဆီယံငါးနိုင်ငံ ဖိတ်ခေါ်ဖူဆယ်ကလပ်ပြိုင်ပွဲ လိဂ်ချန်ပီယံ MIC အသင်း ပြိုင်မည်
2015 AYE Bank Futsal Open Cup ချန်ပီယံ MIC အသင်း။ (ဓာတ်ပုံ - ကိုဇေ MFF)

စက်တင်ဘာ ၅၊ ရန်ကုန်။ ။ ၂၀၁၄ ခုနှစ် ဘောလုံးအဖွဲ့ချုပ် ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သော MIC ဖူဆယ်အသင်းသည် လာမည့် နိုဝင်ဘာလ တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် အာဆီယံငါးနိုင်ငံ ဖိတ်ခေါ်ဖူဆယ်ကလပ်ပြိုင်ပွဲသို့ ဝင်ပြိုင်မည်ဖြစ်သည်။

လက်ရွေးစင် ကစားသမားအများစုပါဝင်သော MIC ဖူဆယ်အသင်းသည် လက်ရှိမြန်မာနိုင်ငံ၏ ဖူဆယ်လိဂ်ချန်ပီယံဖြစ်သောကြောင့် အာဆီယံ ဖိတ်ခေါ်ပြိုင်ပွဲအား ဝင်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။ ထို့ပြင် MIC ဖူဆယ်အသင်းသည် ၂၀၁၄ ခုနှစ်အတွင်းက ကျင်းပ ခဲ့သော MFF MTC Futsal League ပြိုင်ပွဲနှင့် MFF Ooredoo Cup ပြိုင်ပွဲ နှစ်ခုစလုံးတွင် ချန်ပီယံဖြစ်ခဲ့သော အသင်းလည်းဖြစ်သည်။ ' နိုဝင်ဘာမှာ ကလပ်ဖိတ်ခေါ်ပြိုင်ပွဲရှိတယ်။ အစက ဒီပြိုင်ပွဲက ဒီစက်တင်ဘာလထဲမှာ လုပ်ဖို့ ရှိတာ။ အခုက နိုဝင်ဘာကို ရက်ရွှေ့သွားတယ်။ ကျွန်တော်တို့အသင်းက ပြီးခဲ့တဲ့ လိဂ်မှာ ဗိုလ်စွဲထားလို့ ပြိုင်ခွင့်ရတယ်။ ကျွန်တော့်
အနေနဲ့ ရက်ရွှေ့လို့ ဝမ်းသာတယ်။ ဘာလို့လဲဆိုတော့ ပြင်ဆင်ချိန်အများကြီးရတယ်။ လူလဲ အပြောင်းအလဲ လုပ်ဖို့ ရှိပါတယ်' ဟု MIC ဖူဆယ်အသင်း နည်းပြ ဦးသန်းဝဏ္ဏအောင်က မဇ္ဈိမသို့ ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် ရှိနေသော ဖူဆယ် ကလပ်အသင်းအများစုမှာ အိမ်ကွင်းမရှိသော်လည်း MIC ဖူဆယ်အသင်းမှာမူ လေ့ကျင့်ရေးပြုလုပ်ရန် အိမ်ကွင်းအသေးစား တစ်ခု ရှိသည်။ MIC ဖူဆယ်အသင်း၏ အိမ်ကွင်းနှင့် ပတ်သက်၍ အသင်းနည်းပြက အခုလို ဆက်လက်ပြောခဲ့သည်။ ' အိမ်ကွင်းက တော်တော်လေး အထောက်အကူဖြစ်ပါတယ်။ လက်ရှိ ကွင်းဆင်းတဲ့ လှိုင်ကွင်းတို့က မိုးရွာတဲ့အခါ လုံး၀ အဆင်မပြေဘူး။ အိမ်ကွင်းက ကျဉ်းပေမယ့် လေ့ကျင့်ဖို့ လုံလောက်မှု ရှိပါတယ်။ ကွင်းမရှိတာထက်စာရင် အများကြီး အထောက်အကူဖြစ်တယ်'ဟု ဦးသန်းဝဏ္ဏအောင်က မဇ္ဈိမသို့ ပြောသည်။ MIC ဖူဆယ်ဘောလုံးအသင်းသည် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁ ရက် ပြီးဆုံးခဲ့သည့် AYE Bank Futsal Open Cup ပြိုင်ပွဲတွင်လည်း ချန်ပီယံဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly