Myanmar Idol ပြိုင်ပွဲဝင်များကို အွန်လိုင်းပေါ်က မဝေဖန်ကြဖို့ ဥက္ကာဦးသာပြော

.

ချမ်းမြေ့မောင်ချိုကို သွားရောက်အားပေးခဲ့သော ဥက္ကာဦးသာနှင့် Myanmar Idol Season 3 ပြိုင်ပွဲဝင်များ။ ဓာတ်ပုံ-Myanmar Idol

ရန်ကုန် ၊ သြဂုတ် ၁၁ ။            ။ လက်ရှိကျင်းပခဲ့တဲ့ Myanmar Idol Season 3 ပြိုင်ပွဲဝင်တွေကို အွန်လိုင်းပေါ်မှ မဝေဖန်ကြဖို့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဥက္ကာဦးသာက ပြောဆိုလိုက်ပါတယ်။

သြဂုတ်လ ၁၀ ရက်က ရွှေထွဋ်တင်ကွင်းမှာ ပြုလုပ်တဲ့  Myanmar Idol ပြိုင်ပွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

“ ပါးစပ်နဲ့ပြောလိုက်တာထက် နှုတ်တစ်ရာစာတစ်လုံးဆိုတာ စာက အွန်လိုင်းပေါ်မှာတင်သွားတဲ့ဟာက အင်မတန်အန္တရာယ်ရှိလား၊သူများအတွက်ကို ဘယ်လောက်ကို ထိခိုက်နစ်နာစေသလဲဆိုတာကိုလည်း အများကြီးသိစေချင်ပါတယ်။ ဒါမျိုးကိုလည်း နောက်ကိုမလုပ်ကြဖို့ အနုပညာရှင်တွေပူးပေါင်းပြီး ကမ်ပိန်းလုပ်သွားဖို့လည်းရှိပါတယ်”  လို့ သူကပြောပါတယ်။

Myanmar Idol Season 3 ရဲ့ Finalist ပြိုင်ပွဲဝင်အဆိုရှင် ချမ်းမြေ့မောင်ချိုနှင့် ဖြိုးမြတ်အောင် တို့ကို လူမှုကွန်ရက် အွန်လိုင်းပေါ်တွင် လူတချို့က ဝေဖန်ပြောဆိုနေကြခြင်းအတွက် ဥက္ကာဦးသာက ပြောဆို ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်အနေနဲ့ အိမ်မက်တွေကို အကောင်အထည် ဖော်နေတာဖြစ်လို့ အားပေးကြဖို့ ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

“ ဥပေက္ခာပြုတာပဲဖြစ်ဖြစ် ၊ဘာလုပ်ရမယ် ၊ဘယ်လိုလုပ်ရမယ်ဆိုတာကို တချို့က သိသော်ငြားလည်း တချို့မှာတော့ ဒီအပိုင်းလေးတွေမှာတော့ ကျွန်တော်ထင်တာ ခံနိုင်ရည်ရှိတာနည်းပါတယ်ခင်ဗျ။ သန့်သန့်ရှင်းရှင်းနဲ့အားပေးတတ်တဲ့ ပရိသတ်တွေ ပိုလိုတာပေါ့နော် “ ဟု Myanmar Idol တာဝန်ရှိသူ ဦးစိုင်းဇွမ်ဖကပြောပါတယ်။

Myanmar Idol Season 3 ရဲ့ Finalist ပြိုင်ပွဲဝင်အဆိုရှင် ဖြိုးမြတ်အောင်ဟာ ဟင်္သာတမြို့နယ်ကနေ လာရောက်ယှဉ်ပြိုင်တာဖြစ်ပြီး ချမ်းမြေ့မောင်ချိုကတော့ ရန်ကုန်ကနေ ၀င်ရောက်ယှဉ်ပြိုင်နေတာလည်း ဖြစ်ပါတယ်။

သူတို့နှစ်ယောက် အကြိတ်အနယ်ယှဉ်ပြိုင်နေတဲ့အချိန်မှာပဲ ချမ်းမြေ့မောင်ချိုရဲ့ ကျန်းမာရေး အခြေ အနေကြောင့်  ပြိုင်ပွဲရပ်၊ မရပ် သတင်းတွေ ထွက်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် Myanmar Idol Season 3 ကို  ရပ်ဆိုင်းသွားမှာမဟုတ်ဘဲ ဆက်ကျင်းပသွားမယ်လို့ Myanmar Idol တာဝန်ရှိသူတွေက သြဂုတ်လ ၁၀ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောဆိုခဲ့ပါတယ်။