ဂါဇာနယ်စပ် ဆန္ဒပြမှုမှာ အစ္စရေး ပစ်ခတ်တာကြောင့် ပါလက်စတိုင်း ဆေးကျောင်းသားတစ်ဦး သေဆုံး

.

ဂါဇာစီးတီး၊ သြဂုတ် ၁၁ ။             ။ ဂါဇာနယ်စပ်မှာ သြဂုတ် ၁၀ ရက်က ဆန္ဒပြမှုတွေနဲ့ ထိပ်တိုက်တွေ့မှုတွေအတွင်းမှာ အစ္စရေးဖက်က ပစ်ခတ်လို့ ပါလက်စတိုင်းဆေးကျောင်းသားတစ်ဦး သေဆုံးတယ်လို့ ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေး စစ်တပ်နဲ့ ဂါဇာကို ထိန်းချုပ်နေတဲ့ ဟားမတ်စ်တို့ကြား အသေအဆုံးများတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး နောက်တစ်ရက်မှာပဲ တင်းမာမှုတွေ မြင့်တက်နေတဲ့ကြားမှာ တောင်ပိုင်းဂါဇာ နယ်စပ် ထိပ်တိုက်တွေ့မှုအတွင်း ဆေးကျောင်းသား အဒူလာကာတာတီ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဟားမတ်နဲ့ မိတ်ဖွဲ့အဖွဲ့တွေဟာ သြဂုတ် ၈ ရက် ညပိုင်းမှာ အစ္စရေးဖက်ဆီ ဒုံးကျည် ၁၈၀ ကျော်ထက်မနည်း ပစ်လွှတ်ခဲ့ပါတယ်။ ဒါကို လက်တုံ့ပြန်လို့ သြဂုတ် ၉ ရက်မှာပဲ အစ္စရေးက ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှု ဂါဇာမှာ ဆင်နွှဲခဲ့တာပါ။

ဒါပေမယ့် ဟားမတ်နဲ့ အစ္စရေး ရန်ဖက်နှစ်ဖက်ကြားမှာ တရားဝင်မဟုတ်သေးတဲ့ အပစ်ရပ်သဘောတူညီမှုတစ်ရပ်က သြဂုတ် ၉ ရက်မှာ ညလယ်မှာ အသက်ဝင်ခဲ့တာ ဖြစ်ပါတယ်။

သြဂုတ် ၁၀ ရက် ညနေပိုင်းမှာ နယ်စပ်တစ်လျှောက် ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းတွေ စုရုံးပြီး ဆန္ဒပြကြတာဖြစ်ပါတယ်။

ပါလက်စတိုင်း ဆန္ဒပြသူတွေဟာ အစ္စရေးစစ်သားတွေဆီ ကျောက်ခဲကျောက်တုံးတွေနဲ့ ကောက်ပစ်ကြသလို အစ္စရေးစစ်သားတွေကလည်း မျက်ရည်ယိုဗုံးတွေ ပစ်လွှတ်ပါတယ်။

ဒီထိပ်တိုက်တွေ့မှုမှာ ဆေးကျောင်းသား ကာတာတီဟာ ရင်ဘတ်ကို ကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ ကာတာတီအပြင် အသက် ၂၅ နှစ်ရှိ အခြားပါလက်စတိုင်းလူငယ်တစ်ဦးလည်း သေဆုံးကြောင်း သိရပါတယ်။