ကနေဒါမှာ ပစ်ခတ်မှုဖြစ်ပြီး ရဲနှစ်ဦး သေဆုံး

.

တိုရွန်တို၊ သြဂုတ် ၁၁ ။              ။ ကနေဒါနိုင်ငံက ဖရက်ဒရစ်တန်မြို့မှာ သြဂုတ် ၁၀ ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပြီး လူလေးဦး သေဆုံးရာမှာ နှစ်ဦးက ရဲတာဝန်ရှိသူတွေဖြစ်တယ်လို့ ရဲဌာနက ပြောပါတယ်။

“အဲဒီ နံနက်ပိုင်း ပစ်ခတ်မှုမှာ သေဆုံးသူလေးဦးမှာ နှစ်ဦးဟာ ဖရက်ဒရစ်တန်မြို့ ရဲတာဝန်ရှိသူတွေပါ။ ခုချိန်မှာတော့ ဘယ်သူတွေဆိုတာ မထုတ်ပြန်လိုသေးပါဘူး။ သူတို့ မိသားစုနဲ့ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ခက်ခဲတဲ့ အချိန်ကာလမို့ နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။”လို့ ဖရက်ဒရစ်တန်ရဲဌာနက တွစ်တာမှာ ရေးသားပါတယ်။

ဘရွတ်ဆိုက်လမ်းပေါ်မှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှုမှာ သေဆုံးသူ လေးဦးရှိကြောင်းကို ရဲက အစောပိုင်းမှာကတည်းက အတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒေသခံတွေကို ဘေးကင်းရာ ယာယီနေခိုင်းခဲ့ပါတယ်။

လမ်းရဲ့ နှစ်ကီလိုမီတာကို ရဲက ပိတ်ဆီးထားတာကို ဌာနေရုပ်သံသတင်းတွေက ဖော်ပြပါတယ်။

ပစ်ခတ်မှုဖြစ်လို့ သေဆုံးမှုရှိတာကို ကြေညာပြီး တစ်နာရီခွဲခန့်မှာပဲ သံသယရှိ တရားခံကို ဖမ်းဆီးရမိကြောင်း ရဲက တွစ်တာကတစ်ဆင့် ကြေညာပါတယ်။

“ခုချိန်မှာ သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားတာကို ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်။ ပစ်ခတ်မှုဖြစ်ပွားရာကို ရဲတပ်ဖွဲ့တွေ ဆက်လက်ရှင်းလင်းနေပြီး စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။”လို့ အဲဒီတွစ်တာပို့စ်မှာ ရေးသားထားပါတယ်။