NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ကမ်းနားလမ်း ကွန်တိန်နာယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

.

ရန်ကုန်၊ သြဂုတ် ၁၀ ။              ။ ကြည့်မြင်တိုင်ကမ်းနားလမ်းပေါ်တွင် သြဂုတ်လ ၁၀ ရက်နေ့ မနက်အစောပိုင်း ၁၂ နာရီ ၃၅ မိနစ်အချိန်၌ ကုန်တင်ကွန်တိန်နာယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး အမျိုးသားသုံးဦးမှာ ဆေးကုသမှု ခံယူနေရကြောင်း ကြည့်မြင်တိုင်မြို့နယ် မြို့မရဲစခန်းမှ ဒုတိယရဲမှူး ဦးဝင်းညွန့် က ပြောသည်။

ဖြစ်စဉ်မှာ အလုံမြို့နယ် မှကမာရွတ်မြို့နယ်သို့မောင်းနှင်လာသော ဒေါင်ဖန်းအမျိုးအစား အနီရောင် ၂၄ ဘီးကွန်တိန်နာယာဉ်သည် ရှေ့ယာဉ်ကြောပိတ်၍ ရပ်နေသော Nissan အမျိုးအစား အဖြူရောင် ၁၄ ဘီး ကွန်တိန်နာယာဉ်အား ၀င်ရောက်တိုက်မိခဲ့ပြီး ကြည့်မြင်တိုင်ငါးဈေးတွင် ငါးဝယ်ရန်ရပ်နားထားသော ကင်တာ အဖြူရောင် မော်တော်ယာဉ်၊ မစ်ဆူဘီရှီ အဖြူရောင် မော်တော်ယာဉ်နှင့် တိုယိုတာအေ့စ် အဖြူရောင် မော်တော်ယာဉ်တို့ကို ဆက်တိုက်ဝင်ရောက်တိုက်မိခဲ့သည်။ အတိုက်ခံရသော ယာဉ်သုံးစီးထဲမှ တစ်စီးသည် အသက် ၄၃ နှစ်အရွယ် ဒေါ်ညွန့်ညွန့်ဆွေကို အရှိန်ဖြင့် ထပ်မံတိုက်မိခဲ့သောကြောင့် အဆိုပါ အမျိုးသမီးမှာ  သေဆုံးခဲ့ရသည်။

ထိုသို့ သေဆုံးခဲ့ရသည့် အမျိုးသမီး၏ ရုပ်အလောင်းကို သြဂုတ်လ ၁၀ ရက်နေ့ မနက်အစောပိုင်း ၂ နာရီအချိန်တွင် ဆွဲထုတ်နိုင်ခဲ့ကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကြည့်မြင်တိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။

"အဲဒီ ရုပ်အလောင်းကိုတော့ စမ်းချောင်းကအဖွဲ့နဲ့ ကျွန်တော်တို့အဖွဲ့နဲ့ပေါင်းပြီးတော့ အဲဒီ ရုပ်အလောင်းကို ပြန်ရအောင်ဆွဲထုတ်ရတာ။ ထုတ်ပြီးတဲ့အခါကျမှ ရန်ကုန်ဆေးရုံကြီးကိုပို့တာ" ဟု ကြည့်မြင်တိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကိုကိုလတ် က ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ဒေါင်ဖန်းအမျိုးအစား အနီရောင် ၂၄ ဘီးကွန်တိန်နာယာဉ်၏ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ယာဉ်မှုစစ်မှ ကြည်မြင်တိုင်မြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဆိုသည်။

"၃၀၄ (က) ဆိုတာက ပေါ့ဆမှုကြောင့် လူကိုသေစေတဲ့အခါ ထောင်ဒဏ် ၇ နှစ်ရှိပါတယ်။ ငွေဒဏ်ရှိပါတယ်။ အဲဒီပြစ်မှုကို သေစေတန်တာကိုသိလျှက်နဲ့ဆိုလို့ရှိရင် ထောင်ဒဏ် ၁၀ နှစ်နဲ့ အပြစ်ပေးလို့ရပါတယ်။ နောက်တစ်ခုက ၃၃၇ ဆိုတာက ပေါ့ဆမှုကြောင့် သာမာန်နာကျင်စေတဲ့ဟာပေါ့။အဲဒီမှာ ထောင်ဒဏ် ၂ နှစ်ရှိတယ်။ နောက်တစ်ခါငွေဒဏ်ရှိတယ်။ ဒဏ်ငွေ ၂ ရပ်လုံးရှိပါတယ်။ နောက် ၃၃၈ ဆိုတာက ပေါ့ဆမှုကြောင့် အပြင်းအထန်ဒဏ်ရာရစေတာပေါ့။ ထောင်ဒဏ် ၅ နှစ်ရှိတယ်။ ငွေဒဏ်လည်း ချမှတ်နိုင်တယ်။ အဲဒီမှာ တပ်ထားတဲ့ ၂၇၉ ဆိုတာ အများပြည်သူနဲ့ဆိုင်တဲ့နေရာမှာ အရမ်းမောင်းနှင်တာပေါ့။ အဲဒါဆို ထောင်ဒဏ် ၂ နှစ်ရှိမယ် ဒဏ်ငွေရှိမယ် ပြစ်ဒဏ်နှစ်ရပ်လုံးရှိမယ်။ နောက်တစ်ခါ ၂၀၂ ကတော့ ပြစ်မှုကျုးလွန်ကြောင်း ပျက်ကွက်တာကို သတင်းမပေးဘဲနဲ့ ၆ လအထိ ထောင်ဒဏ်ရှိတယ်။ငွေဒဏ်ရှိတယ် ဒဏ် ၂ ရပ်လုံး ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်" ကြည့်မြင်တိုင်မြို့နယ် မြို့မရဲစခန်းမှ ဒုတိယရဲမှူး ဦးဝင်းညွန့် က ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ညသန်းခေါင်ကျော် ၁၂ နာရီ ၃၅ မိနစ် မှ မနက် ၁၁ နာရီဝန်းကျင်အထိ ကြည့်မြင်တိုင်ကမ်းနားလမ်းနှင့် ကြည့်မြင်တိုင်အထက်လမ်းများတွင် ယာဉ်ကြောများပိတ်ဆို့ခဲ့ရသည်။ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းမ၊ ကြည့်မြင်တိုင်မီးသတ်စခန်းအနီးရှိ နေအိမ်တစ်ခု၏ မျက်နှာစာမှာ ပျက်စီးခဲ့ပြီး အနီးရှိ ဓာတ်တိုင်တစ်ခုမှာလည်း လဲကျခဲ့သည်။

ကမ်းနားလမ်းပေါ်တွင် ယာဉ်များ နှစ်ထပ်၊သုံးထပ် ရပ်နားမှုများရှိနေပြီး ၄င်းကိစ္စများကြောင့် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ကမ်းနားဈေးအနီးနေထိုင်သည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

"ငါးကားတွေပေါ့။ ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို တိကျမှန်ကန်စွာရပ်ရင် အဆင်ပြေတာပေါ့။ နှစ်ထပ်ရပ်တာ သုံးထပ်ရပ်တာတွေမလုပ်ဘဲ လမ်းဘေးတစ်စီးစီရပ်ထားရင်မဖြစ်ဘူး" ဟု ကမ်းနားဈေးအနီးဆိုက်ကားဂိတ်မှ အနှေးယာဉ်လုပ်သား ကိုနေလ က ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံယာဉ်ထိမ်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပရဟိတအဖွဲ့များက လာရောက်ကူညီ ဆောင်ရွက်ခဲ့ကြသည်။