အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုသစ်ကို လက်တုံ့ပြန်မယ်လို့ ရုရှ စိတ်ပိုင်းဖြတ်

.

မော်စကို၊ သြဂုတ် ၁၀ ။          ။ လက်သင့်ခံစရာ မရှိတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုသစ်အပေါ် လက်တုံ့ပြန်သွားမယ်လို့ သြဂုတ် ၉ ရက်မှာ ရုရှက ပြောဆိုပါတယ်။

“အမေရိကန်ရဲ့ ဆန်ရှင်သစ်ချမှတ်မှုအပေါ် လက်တုံ့ပြန်ရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”လို့ ရုရှနိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရအမျိုးသမီးဖြစ်သူ မာရီယာဇာခါရိုဗာက သတင်းထောက်တွေကို ပြောပါတယ်။

စပိုင်ဟောင်းကို ဗြိတိန်မြေပေါ်မှာ ဓာတုအဆိပ်နဲ့ လုပ်ကြံတာမှာ ပါဝင်တယ်ဆိုပြီး အမေရိကန်ဟာ ရုရှကို ဆန်ရှင်သစ်တွေ ချမှတ်လိုက်တာကြောင့် ရုရှ ရူဘယ်ငွေကြေးနဲ့ စတော့ဈေးကွက် ထိုးကျခဲ့ရတာလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခုလို လုပ်ရပ်ဟာ ပြိုင်ဖက်အင်အားကြီး နှစ်နိုင်ငံကြားက အငြင်းပွားမှုတွေမှာ နောက်ဆုံးအရှိန်မြှင့်လိုက်မှုလည်း ဖြစ်ပါတယ်။

ဖင်လန်နိုင်ငံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှသမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံပြီး တစ်လမပြည့်သေးခင်မှာ ခုလို ဖြစ်ပွားပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။

ရုရှ နှစ်ဖက်ချွန် သူလျှိုဖြစ်ခဲ့သူ ဗြိတိန်နိုင်ငံသား ဆာဂျီစကရီပါလ်ကို လုပ်ကြံဖို့ ကြိုးစားရာမှာ အာရုံကြောသေ ဓာတုအဆိပ်ကို သုံးခဲ့တာကို တုံ့ပြန်ပြီး ဆန်ရှင်သစ်တွေ ရုရှအပေါ် ချမှတ်ရတာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက သြဂုတ် ၈ ရက်မှာ ကြေညာခဲ့တာပါ။

နှစ်ဖက်ချွန်သူလျှို ဆာဂျီနဲ့ သမီးဖြစ်သူတို့ဟာ လုပ်ကြံမှုကြောင့် အပြင်းအထန် နာမကျန်းဖြစ်ခဲ့ပေမယ့် ခုချိန်မှာ ပြန်လည်နာလန်ထူလာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ ဥပဒေအရ တားမြစ်ထားတဲ့ ဓာတုအဆိပ်ကို သုံးစွဲတယ်ဆိုပြီး ရုရှအပေါ် စွပ်စွဲတာတွေကြောင့် ရုရှနဲ့ အနောက်အုပ်စုနိုင်ငံတွေ သံတမန်တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ ရုရှကတော့ လုပ်ကြံမှုမှာ တစ်စိုးတစ်စဉ်းမှ မပါကြောင်း အခိုင်အမာ ငြင်းဆန်ထားပါတယ်။