ပြောဆိုခဲ့ခြင်းမရှိသည့် စကားများနှင့်ပတ်သက်ပြီး အမှုဖွင့်မည်ဟု ဇေယျာဖြိုးပြော

.

ရန်ကုန်၊ သြဂုတ်လ ၁ဝ ။                      ။ ၎င်းတို့ပြောဆိုခဲ့ခြင်းမရှိသည့် စကားများနှင့် ပတ်သက်ပြီး ပြောခဲ့သည်ဟုဆိုသူများကို အမှုဖွင့်သွားမည် ဟု ယနေ့သြဂုတ်လ ၁ဝ ရက်နေ့ရုံးချိန်း၊ နေ့လည်ထမင်းစားနားချိန်တွင် ပြောဆိုခဲ့သည်။

ယနေ့ သြဂုတ်လ ၁ဝ ရက်၊ နံနက်ပိုင်း ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ဦးကြည်လင်းအပါအဝင် ဦးအောင်ဝင်းဇော်၊ ဦးဇေယျာဖြိုးတို့ ၃ ဦးကို အကြိမ် ၆၆ မြောက် ရုံးထုတ်ခဲ့သည်။

ယနေ့ ရုံးချိန်းတွင် တရားလွှတ်တော်ရှေ့နေဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့သည့် ကြည်လင်းအမှုတွဲမှ ဇေယျာဖြိုးအားစတင် စစ်ဆေးနေခြင်းလည်း ဖြစ်သည်။

 "ထမင်းဝအောင် စားထားလို့ ပြောထားတဲ့ကိစ္စကို ကျွန်တော်တို့ဆက်လုပ်သွားမှာပါ။ ကျွန်တော်တို့က အချိန်တစ်ခုကို စောင့်နေတာ။ သူတို့ ဆိုရှယ်မီဒီယာတွေမှာ ပြောထားသမျှတွေ၊ ရေးထားသမျှတွေ ကျွန်တော်မှာ အကုန်လုံး (ရီကောဒ့်)မှတ်တမ်းရှိတယ်။ အဲ့ဒါတွေအားလုံးလည်း ဥပဒေကြောင်းအရ ဆောင်ရွက်သွားမှာပါ။ ကိုအောင်ဝင်းဇော်က အင်းစိန်ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ရဲတပ်ဖွဲ့က ဘာဆောင်ရွက်မှုမှ မရှိဘူး။ မရှိလို့ သူတို့က အတင့်ရဲလာတာ။ ထမင်းဝအောင်စားထားလို့ ပြောတဲ့လူလေ။ ကျွန်တော်တို့ကို မပြောဘဲနဲ့ ပြောတယ်ဆိုတဲ့လူကို အမှုဖွင့်ထားတယ်။ အဲ့ဒါ နှစ်လပိုင်းကတည်းက ဖွင့်ထားတာ အဲ့ဒါကို ရဲတပ်ဖွဲ့ကဆောင်ရွက်ခြင်းမရှိသေးဘူး။ ဦးရောဘတ်စန်းအောင်ကို ဖွင့်ထားတာ။ ကိုအောင်ဝင်းဇော်က အင်းစိန်မြို့နယ်ရဲစခန်းမှာ အမှုဖွင့် ထားပြီးသားဗျ။ အဲ့ဒါအခုထိဆောင်ရွက်မှုမရှိသေးတဲ့အတွက် ဒါကြောင့် အတင့်ရဲတာဗျ။ ၈(စ)နဲ့ဖွင့်ထားတာ။ ကျွန်တော်ကလည်း ဖွင့်သွားပဲ။ အခြေအနေတစ်ခုကိုစောင့်ပြီးတော့ ဖွင့်သွားမယ်။ ကျွန်တော်တို့ကိုလည်း မပြောဘဲနဲ့ပြောတယ်လို့ ပြောတဲ့အတွက် ၈(စ)နဲ့ပဲဖွင့်သွားမှာ"ဟု ဇေယျာဖြိုးကပြောသည်။

 စွဲဆိုထားသော ၈ (စ)သည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုဥပဒေ ဖြစ်သည်။