ထိုင်းနိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး တိရစ္ဆာန်ရုံ ခုလကုန်မှာ အပြီး ပိတ်သိမ်းမည်

.

ဘန်ကောက်၊ သြဂုတ် ၁၀ ။         ။ ထိုင်းနိုင်ငံက ဒူဆစ်တိရစ္ဆာန်ရုံဆီ လာရောက်လည်ပတ်ကြသူတွေဟာ တော်ဝင် အာနန်ဒါဆမ်မာခွန် နန်းပလ္လင်ခန်းမ နောက်ခံပြုထားတဲ့ ရေကန်ထဲ ရေမြင်းတွေကို အစာကျွေးတာ အပါအ၀င် အခြားစိတ်ဝင်စားရာတွေကို လုပ်ဆောင်နေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ လာရောက်လည်ပတ်သူတွေဟာ ဒူဆစ်တိရစ္ဆာန်ဥယျာဉ်ကြီးထဲ လာရောက်ကြတဲ့ နောက်ဆုံးသူတွေထဲ အပါအ၀င် ဖြစ်ခဲ့ပါပြီ။ ဘာကြောင့်လည်း ဆိုတော့ ခု လကုန်မှာ ဒီ တိရစ္ဆာန်ရုံကို ပိတ်တော့မှာဖြစ်ကြောင်း သြဂုတ် ၈ ရက်မှာ ကြေညာခဲ့လို့ပါပဲ။

ထိုင်းနိုင်ငံရဲ့ အလွန်အရေးပါတဲ့ တော်ဝင်နန်းဆောင်တွေ၊ ဘာသာရေးနေရာတွေ အများဆုံးရှိရာ ဘန်ကောက်မြို့ဟောင်းအနီးမှာ တည်ရှိတဲ့ ဒူဆစ်တိရစ္ဆာန်ရုံကို ၁၉၃၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာပါ။

ဒီက တိရစ္ဆာန်တွေကိုတော့ မြို့တော် မြောက်ပိုင်း ပထုံဌာနီက ပိုပြီးကျယ်ပြန့်တဲ့ မြေနေရာ ဟတ်တာ ၄၈ ဟတ်တာမှာ ရွှေ့ပြောင်းတော့မှာပါ။

ဒီမြေနေရာကို ဘုရင် မဟာဝါဇီရလောင်ကွန်းက ပေးအပ်တာဖြစ်ပြီး ဒီမြေနေရာ အကျယ်အ၀န်းဟာ လက်ရှိနေရာထက် သုံးဆကြီးမားတယ်လို့ တိရစ္ဆာန်ရုံက ထုတ်ပြန်ပါတယ်။

ဒူဆစ်တိရစ္ဆာန်ရုံမှာ ရှိတဲ့ တိရစ္ဆာန်ပေါင်း အကောင်ရေ ၁၀၀၀ ကျော်ကို ပထုံဌာနီက နေရာမှာ တည်ဆောက်နေဆဲဖြစ်တာကြောင့် အခြားခြောက်နေရာမှာ ခွဲပို့ထားဦးမှာ ဖြစ်ပါတယ်။

ဒီတိရစ္ဆာန်ရုံကြီး သြဂုတ် ၃၁ ရက်မှာ ပိတ်တော့ဖို့ နီးကပ်နေတာကြောင့် တိရစ္ဆာန်တစ်ချို့ကို ပြောင်းရွှေ့ထားပြီး ဖြစ်ပါတယ်။