ကိုယ်ဝန် ပထမ ၁၄ ပတ်အတွင်း ဖျက်ချခွင့်ဥပဒေကြမ်းကို အာဂျင်တီးနားလွှတ်တော် ပယ်ချ

.

ဗျူနိုအေရိစ်၊ သြဂုတ် ၉ ။           ။ အာဂျင်တီးနား ဆီးနိတ်လွှတ်တော်ဟာ ကိုယ်ဝန် ပထမ ၁၄ ပတ်အတွင်းမှာ တရားဝင် ဖျက်ချပိုင်ခွင့် ဥပဒေကို သြဂုတ် ၉ ရက်မှာ ပယ်ချလိုက်ပါတယ်။

ကိုယ်ဝန်ကို ကိုယ်ပိုင်ဆန္ဒအလျှောက် ဖျက်ချပိုင်ခွင့် ဒီဥပဒေကို အောက်လွှတ်တော်မှာ ဇူလိုင် ၁၄ ရက်က အတည်ပြုလိုက်ပေမယ့် ဆီးနိတ်အထက်လွှတ်တော်မှာ ထောက်ခံမဲ ၃၁ မဲ၊ ကန့်ကွက်မဲ ၃၈ မဲ၊ ကြားနေမဲ ၂ မဲနဲ့ ဒီကနေ့မှာ မဲပေးပယ်ချလိုက်တာပါ။

သားမယားပြုကျင့်ခံရာက ရရှိကိုယ်ဝန်နဲ့ မိခင်ကျန်းမာရေး အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ကလွဲပြီး ၁၄ ပတ်အတွင်း ကိုယ်ဝန်ကို ဖျက်ချတာ ရာဇဝတ်မှုမြောက်နေတာကို ပယ်ဖျက်မယ့် ဒီဥပဒေကို ဆီးနိတ်မှာ ၁၆ နာရီကြာ အခြေအတင် ဆွေးနွေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို လာမယ့်နှစ်မတိုင်ခင်အထိ အာဂျင်တီးနား အမျိုးသား ကွန်ဂရက်လွှတ်တော်မှာ တင်ပြဆွေးနွေးဖြစ်ဖို့ မရှိကြောင်းလည်း သိရပါတယ်။

"အမျိုးသမီးတွေအနေနဲ့ သူတို့လိုအပ်ရာကို မကြာမတင်မှာ လက်ဝယ်ရရှိမှာ  ဖြစ်ပါတယ်။"လို့ ဥပဒေကြမ်းကို ထောက်ခံတဲ့ လွှတ်တော်အမတ်တစ်ဦးက ဆိုပါတယ်။

လွှတ်တော်မှာ မဲရှုံးလိုက်ပေမယ့် အရင်က ခြောက်ကြိမ်တိုင် တင်ပြခဲ့ပေမယ့် ခုမှ ဆွေးနွေးရာစင်မြင့်ကို ပထမဆုံး ဥပဒေကြမ်း ရောက်လာခြင်းအတွက် အမတ်အချို့က အားရကျေနပ်မှု ဖြစ်ခဲ့ကြပါတယ်။