အင်ဒိုနီးရှား ငလျင်မှာ သေဆုံးသူ ၃၀၀ ကျော်အထိ တိုးလာ၊ ငလျင်ငယ်များနဲ့ ပြင်းအား ၅ ကျော် ငလျင် ထပ်မံလှုပ်

.

ဂျကာတာ၊ သြဂုတ် ၉ ။            ။ အင်ဒိုနီးရှားနိုင်ငံ လွမ်ဘော့ကျွန်းမှာ သြဂုတ် ၅ ရက်က လှုပ်ခဲ့တဲ့ ပြင်းအား ၆ ဒဿမ ၉ အဆင့်ရှိ ငလျင်ကြီးမှာ သေဆုံးသူဦးရေဟာ ၃၀၀ ကျော်အထိ တိုးလာတယ်လို့ အကြီးတန်းတာဝန်ရှိသူတစ်ဦးက သြဂုတ် ၉ ရက်မှာ ပြောပါတယ်။

"သေဆုံးသူ နောက်ဆုံးစာရင်းအရ ၃၁၉ ဦးအထိ ရှိသွားပြီဖြစ်တာ သိရပါတယ်။"လို့ လုံခြုံရေး ဝန်ကြီးချုပ် ဝီရန်တိုက ပြောခဲ့တာ ဖြစ်ပါတယ်။

ဒေသတွင်းမှာ နောက်ဆက်တွဲငလျင်ငယ်ပေါင်း ၃၅၀ ကျော် လှုပ်ထားချိန် ခုလို ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။

ဒီအပြင် ဒီကနေ့မှာပဲ လွမ်ဘော့ကျွန်း အနောက်မြောက်မှာ ပြင်းအား ၅ ဒဿ ၉ အဆင့် ငလျင် ထပ်မံလှုပ်တာကြောင့် အဆောက်အအုံတွေ ပြိုကျပျက်စီးပြီး ဒေသခံတွေလည်း ကြောက်လန့်ထွက်ပြေးခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့က လှုပ်ခဲ့တဲ့ ငလျင်ကြီးမှာ ထိခိုက်ဒဏ်ရာကြောင့် ဆေးရုံတင်ပို့ရသူပေါင်း ၁၅၀၀ ဝန်းကျင်ရှိပြီး နေရပ်ရွှေ့ပြောင်းရသူပေါင်းက ၁၅၆၀၀၀ ကျော်ထက်မနည်း ရှိတယ်လို့ အမျိုးသားသဘာဝဘေးစီမံမှု အေဂျင်စီက ထုတ်ပြန်ထားပါတယ်။