သမ္မတဦးသိန်းစိန် တရုတ်သမ္မတနှင့် ဖွံ့ဖြိုးရေး တရုတ်ယွမ် သန်း ၉၀၀ ဆွေးနွေး

သမ္မတဦးသိန်းစိန် တရုတ်သမ္မတနှင့် ဖွံ့ဖြိုးရေး တရုတ်ယွမ် သန်း ၉၀၀ ဆွေးနွေး

စက်တင်ဘာ၊ ၅ ရက် ။ ။ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် မြစ်အောက်ပိုင်း ရေတမံများ အဆင့်မြှင့်တင်ရေးတို့အတွက် ဖွံ့ဖြိုးရေးအကူအညီကိစ္စကို သမ္မတဦးသိန်းစိန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဆွေးနွေးခဲ့ကြသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်အပါအဝင် မြစ်အောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုကာကွယ်ရေးတို့အတွက် ရေတမံများ အဆင့်မြှင့်တင်ရေးအပါအဝင် ဖွံ့ဖြိုးရေးအကူအညီအဖြစ် တရုတ်ယွမ်ငွေ သန်း ၉၀၀ (အမေရိကန်ဒေါ်လာ ၁၄၁ သန်း ကျော်) စီမံကိန်းအစီအစဉ်ကို ခေါင်းဆောင်နှစ်ဦးတွေ့ဆုံစဉ် ထည့်သွင်း ဆွေးနွေးကြခြင်းဖြစ်သည်။

ဇူလိုင်နှင့် ဩဂုတ်လတို့တွင် ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရသည့် ရေဘေးသင့်မြန်မာပြည်သူတို့အတွက် တရုတ်ပြည်သူ့ လွှတ်မြောက်ရေးတပ်မတော်မှ တရုတ်ယွမ် သိန်းတစ်ရာတန်ဖိုးရှိသည့် ပစ္စည်းများကို ဩဂုတ် ၂၈ရက်ကစတင်ကာ လေယာဉ်များဖြင့် ပေးပို့လှူဒါန်းခဲ့သေးသည်။

စက်တင်ဘာ ၄ ရက် မနက်ပိုင်းတွင် ပေကျင်းမြို့ရှိ တီယန်မင်ရင်ပြင် ပြည်သူ့ခန်းမဆောင်၌ ခေါင်းဆောင်နှစ်ဦးဆွေးနွေးရာ တွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသ စီမံခန့်ခွဲမှုများ အတွက် ပူးပေါင်း ဆောင်ရွက်ရေး၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး တို့လည်း ဆွေးနွေးခဲ့ကြသည်။

သမ္မတဦးသိန်းစိန်သည် တရုတ်သမ္မတနှင့် ဆွေးနွေးပြီးနောက် တရုတ်ဝန်ကြီးချုပ် မစ္စတာ လီခချန်းနှင့်လည်း သီးသန့် တွေ့ဆုံဆွေးနွေးသည်။

တရုတ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံရာတွင်မူ မြန်မာ-တရုတ်-အာဆီယံ-တရုတ် ဆက်စပ်ဆက်ဆံရေး၊ ရခိုင်ပြည်နယ်တွင် တည်ဆောက်နေသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် တိုးတက်မှုအခြေအနေများကို ဆွေးနွေးကြသည်။

ထို့ပြင် တရုတ်နိုင်ငံသို့ မြန်မာလူငယ်ပညာတော်သင် (၁၀၀) စေလွှတ်ရေးနှင့် မြန်မာလူငယ် (၁၀၀) အား တရုတ်နိုင်ငံသို့ လေ့လာရေး ခရီးစေလွှတ်ရေးတို့လည်းပါဝင်သည်။

တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးတွဲ သတင်းထုတ်ပြန်ခဲ့သည်။

သတင်းထုတ်ပြန်ချက်တွင် နှစ်နိုင်ငံဆက်ဆံရေးရေရှည်တည်တံ့နိုင်ရေးနှင့် စီးပွားရေး၊ လူမှုရေး ကဏ္ဍအကူအညီများကိစ္စ၊ လမ်း၊ တံတား၊ လယ်ယာနှင့် လျှပ်စစ်စွမ်းအင် တည်ဆောက်ရေးကိစ္စများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ ပါဝင်မှုအခန်းကဏ္ဍများ ထည့်သွင်းဖော်ပြထားသည်။

တွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးလှထွန်း၊ ဦးခင်မောင်စိုး၊ ဦးဇေယျာအောင်၊ ဦးရဲထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့လည်း တက်ရောက်ကြသည်ဟု မြန်မာသမ္မတရုံးက ထုတ်ပြန်ထားသည်။

သမ္မတဦးသိန်းစိန်သည် တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့ က တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့ဖက်ဆစ်စနစ်ဆန့်ကျင်မှုအောင်မြင်သည့် နှစ် (၇ဝ) ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်ခြင်းဖြစ်သည်။ သမ္မတ ဦးသိန်းစိန် သည် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်ရောက် ရှိနေပြီဖြစ်သည်။

Ref; president office

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required