ယီမင်၌ ကလေးငယ်များ စီးနင်းလိုက်ပါလာသည့် ဘတ်စ်ကားတစ်စီး လုပ်ကြံခံရ

.

သြဂုတ် ၉ ။             ။ သူပုန်တွေ ကြီးစိုးနေတဲ့ ယီမင်နိုင်ငံမြောက်ပိုင်း၊ ဆာတာမြို့မှာ ကလေးငယ်တွေ စီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီး တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူတွေရှိခဲ့တယ်လို့  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီက ပြောပါတယ်။

"တာရန်ဈေးထဲကို မောင်းနှင်လာတဲ့ ဘတ်စ်ကားတစ်စီး ဒီကနေ့ မနက်ပိုင်းမှာပဲ အကြမ်းဖက် တိုက်ခိုက်ခံလိုက်ရပါတယ်။ ဒဏ်ရာရရှိသူ၊ သေဆုံးသူတွေရှိခဲ့ပြီး အများစုကတော့ အသက် ၁၀ နှစ်အောက် ကလေးငယ်တွေ ဖြစ်ပါတယ်။"လို့ ကော်မတီက ၄င်းရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

“လူသားချင်း စာနာထောက်ထားမှု အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ဒီလိုပဋိပက္ခတွေကြားမှာ နိုင်ငံသားတွေကို ကာကွယ်ဖို့ လိုအပ်ပါတယ်။”လို့ ၄င်းကဆက်ပြောပါတယ်။

ဟူသီသူပုန်တွေရဲ့ အယ်မာစီရာ တီဗွီလိုင်းမှာတော့ “အဆိုပါ လုပ်ကြံမှုကြောင့် ၃၉ ဦးသေဆုံးကာ ၅၁ ဦးဒဏ်ရာရရှိသွားခဲ့ပြီး အများစုမှာ ကလေးငယ်များ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျစစ်တပ်က ဗုံးကြဲပြီး လုပ်ကြံတာပါ။”လို့ ထုတ်ပြန်ကြေညာထားပါတယ်။

အဆိုပါဖြစ်ရပ်နဲ့ စပ်လျဉ်းပြီး ဆော်ဒီအာရေဗျဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့က ဘာမှမတုံ့ပြန်သေးဘူးလို့ သိရပါတယ်။

Tags: