လှိုဏ်ဂူထဲက ကယ်ထုတ်လာတဲ့ ထိုင်းလူငယ်တွေကို နိုင်ငံသားအဖြစ်လက်ခံလိုက်ခြင်းအပေါ် ကုလသမဂ္ဂချီးကျူး

.

သြဂုတ် ၉ ။            ။ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ လှိုဏ်ဂူတစ်ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ ထိုင်းလူငယ်တွေထဲက လူငယ်သုံးယောက်နဲ့ နည်းပြဖြစ်သူကို ထိုင်းနိုင်ငံသားတွေအဖြစ် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ထိုင်းအစိုးရက အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။

လှိုဏ်ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ ထိုင်းလူငယ် ၁၃ ယောက်ထဲမှာ နိုင်ငံသားမခံယူရသေးတဲ့ အဗ်ဒူဆမ်အွန်၊ မွန်ဂိုဘွန်ဖီးရန်း၊ ပွန်ချိုင်းကမ်လောင် နဲ့ နည်းပြ အကာဗူချန်ဒဝေါင်ကို ထိုင်းနိုင်ငံသားတွေအဖြစ် အသိအမှတ်ပြု လက်ခံလိုက်တာဖြစ်ပါတယ်။

အဆိုပါဖြစ်ရပ်အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထိုင်းအစိုးရကို ချီးမွမ်းထောပနာပြုခဲ့တယ်လို့ သိရပါတယ်။

“နိုင်ငံသားအနေနဲ့ လက်ခံပေးလိုက်တာဟာ သူတို့ရဲ့ဘ၀ကို မြေတောင်မြှောက်ပေးလိုက်သလိုပါပဲ။”လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အကြီးအကဲကပြောပါတယ်။

အဆိုပါကျောင်းသားသုံးယောက်နဲ့ နည်းပြတို့ဟာ မြန်မာနဲ့ လာအိုနယ်စပ်ကနေ ထိုင်းနိုင်ငံမှာ လာရောက်နေထိုင်တာဖြစ်ပါတယ်။

ထိုင်းဘောလုံးအသင်းသားတွေနဲ့ နည်းပြတို့ဟာ ဇွန်လ ၂၃ ရက်မှာ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နားက လှိုဏ်ဂူထဲ ၀င်ရောက်လေ့လာရာ မိုးသည်းထန်စွာရွာသွန်းပြီး ဂူထဲမှာ ပိတ်မိနေခဲ့တဲ့အတွက် ကမ္ဘာတစ်ဝန်းလုံးက ၀ိုင်းဝန်းကယ်ဆယ်ခဲ့ကြတာဖြစ်ပါတယ်။