ဘီလ်ဘာအိုအသင်းမှ ကီပါကို ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ကြေးဖြင့် ခေါ်ယူ

.

(ဓာတ်ပုံ - Chelsea)

ချယ်လ်ဆီးအသင်းဟာ ဘီလ်ဘာအိုအသင်းမှ ဂိုးသမား ကီပါကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်သလို လက်ရှိဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ကြေး ပေါင် ၇၁ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

အသက် ၂၃ အရွယ်သာရှိသေးတဲ့ ကီပါဟာ စာချုပ်ဖျက်သိမ်းခွင့် လျော်ကြေးဖြင့် စတန်းဖို့ဒ်ဘရစ်ခ်ျဆီ ရောက်ရှိလာတာပါ။

ရိုးမားအသင်းကနေ လီဗာပူးလ်အသင်းဆီ ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့ဈေးအကြီးဆုံးစံချိန်ဖြစ်တဲ့ ပေါင် ၆၆.၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အယ်လီဆင်ရဲ့ ပြောင်းရွှေ့ကြေးကို ကီပါက ကျော်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

“ဒီကလပ်ကို ပြောင်းရွှေ့လာဖို့ ဆွဲဆောင်ထားတဲ့ အရာတွေကလဲ များလွန်းလှပါတယ်။ ဒါတွေကတော့ အသင်းက ဆွတ်ခူးထားတဲ့ ဆုဖလားတွေ၊ အသင်းမှာရှိတဲ့ တခြားကစားသမားတွေ၊ ပြီးတော့ လန်ဒန်မြို့ကြီးနဲ့ ပရီးမီးယားလိဂ်ပြိုင်တွေပေါ့။ ချယ်လ်ဆီးက ယုံကြည်မှုနဲ့ ခေါ်ယူလိုက်ဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တဲ့အပေါ်မှာလဲ အရမ်းကို ကျေနပ်မိပါတယ်။”လို့ ကီပါက ပြောပါတယ်။

ကီပါဟာ ချယ်လ်ဆီးအသင်းနဲ့ ၇ နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ထွက်ခွာသွားတဲ့ ဂိုးသမား ကော်တိုရစ်ရဲ့နေရာကို ရယူသွားမှာဖြစ်ပါတယ်။

စပိန်လူငယ်ဂိုးသမားဟာဖြင့် ဘီလ်ဘာအိုအသင်းကြီးနဲ့ ၂ ရာသီဖြတ်သန်းခဲ့ရာ လာလီဂါ ၅၃ ပွဲကစားခဲ့ပြီး နိုင်ငံအသင်းမှာ တစ်ပွဲ ကစားခဲ့ပါတယ်။

ကီပါဟာ ချယ်လ်ဆီးအသင်းရဲ့ ကလပ်သမိုင်းတစ်လျှောက် ဈေးအကြီးဆုံးကစားသမားဖြစ်တဲ့ စပိန်တိုက်စစ်မှူး မိုရာတာရဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ စံချိန်ကိုလည်း ကျော်ဖြတ်ခဲ့တာပါ။

Ref; BBC