အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၃ )

.

 

ဆွစ်ဇာလန်နိုင်ငံ

ဆွစ်ဇာလန်နိုင်ငံသည် ၁၈၄၈ ခုနှစ်မတိုင်မီ၌ ကွန်ဖက်ဒရေးရှင်းပုံစံ (Confederation) ဖြင့် ၁၃ ရာစုကတည်းကတည်ရှိခဲ့သည် ။ ဆွစ်ဇာလန်နိုင်ငံသည်၁၈၄၈ ခုနှစ်တွင် ဖက်ဒရယ်စနစ်ကိုစတင်ကျင့်သုံးသည် ။  နိုင်ငံကိုအစိုးရအဆင့် (၃) ဆင့်- ဖက်ဒရယ် (confederation)၊ ပြည်နယ် (canton) နှင့် ဒေသန္တရ (Communnes) တို့ဖြင့် အုပ်ချုပ်သည်။ ဒေသန္တရအစိုးရတွင် ဖက်ဒရယ်ဖွဲ့စည်းပုံမှ အပ်နှင်းထားသောလုပ်ပိုင်ခွင့်အာဏာများမရှိသော်လည်း ပြည်နယ်ဖွဲ့စည်းပုံမှ အပ်နှင်းထားသောလုပ်ပိုင်ခွင့်အာဏာများရှိသည်။ ပြည်နယ်ပေါင်း (၂၆) ခုဖြင့် ဖွဲ့စည်းထားသောဆွစ်ဇာလန်နိုင်ငံတွင် လွတ်တော်နှစ်ရပ်ဖြင့် ဖွဲ့စည်းထားသောဖက်ဒရယ်လွှတ်တော် (the Federal Assembly)၊  နိုင်ငံတော်အကြီးအကဲ (၇) ဦးပါဝင်သောဖက်ဒရယ် အစိုးရအဖွဲ့ (the Federal Council) နှင့် တရားရေးအာဏာအမြင့်ဆုံးရှိသောဖက်ဒရယ် တရားလွှတ်တော် (the Federal Court) တို့ဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာများကိုပိုင်းခြားထားသည်။ ပြည်နယ် တိုင်းတွင် ပြည်နယ်ဖွဲ့စည်းပုံ၊ ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်တရားရုံးများရှိသည်။

ဆွစ်ဇာလန်နိုင်ငံ၏ ဖက်ဒရယ်စနစ်သည် တစ်မူထူးခြားချက်အချို့ရှိသည်။ ထူးခြားချက်တစ်ခုမှာဖက်ဒရယ်တရားရုံးသည် ဖက်ဒရယ်လွှတ်တော်မှ ထုတ်ပြန်လိုက်သောဖက်ဒရယ်အက်ဥပဒေများသည် ဖွဲ့စည်းပုံနှင့် ညီညွတ်မှု ရှိ၊ မရှိတရားရုံး ပြန်လည်သုံးသပ်မှု (judicial review) မရှိခြင်း ဖြစ်သည်။ ဖက်ဒရယ်တရားရုံးသည် ဖက်ဒရယ်လွှတ်တော်မှ ပြဋ္ဌာန်းလိုက် သောဥပဒေအားလုံးသည် နိုင်ငံ၏ ဖွဲ့စည်းပုံနှင့် ညီညွှတ်မှုရှိသည်ဟုအလိုအလျောက် ယူဆပြီးထိုဥပဒေအတိုင်းလိုက်နာဆောင်ရွက်ရသည်။ သို့ရာတွင် ပြည်နယ်များ ပြဋ္ဌာန်းလိုက်သောဥပဒေများသည် ဖွဲ့စည်းပုံနှင့် ညီညွတ်မှု ရှိမရှိကိုမူဖက်ဒရယ်တရားရုံးကဆုံးဖြတ်ပေးသည်။  နောက်ထပ်ထူးခြားချက်တစ်ခုမှာလူထုဆန္ဒခံယူပွဲ (referendum) ဖြစ်သည်။ အစိုးရအဆင့် (၄) ခုလုံးတွင် ဥပဒေတစ်ခုပြုတိုင်း (ဘဏ္ဍာရေးဆိုင်ရာဥပဒေများအပါအဝင်) လူထုဆန္ဒ ခံယူပွဲကိုကျင်းပလိုကကျင်းပခွင့်ရှိသည်။ ထို့ကြောင့် ဆွစ်ဇာလန်နိုင်ငံသားများသည် ဥပေဒတိုင်းအတွက် တိုက်ရိုက် မဲပေးပိုင်ခွင့်ရှိကြသည်။ဆွစ်ဇာလန်နိုင်ငံ၏ ဖွဲ့စည်းပုံထဲတွင် နိုင်ငံ၏ ဘဏ္ဍာရေးစနစ်ကိုအခန်းတစ်ခုအနေဖြင့် သီးခြားထည့်သွင်းထားသည်။

အသုံးစရိတ်တာဝန်များ

ဆွစ်ဇာလန်အစိုးရအဖွဲ့များ၏ လုပ်ပိုင်ခွင့်တာဝန်များကို နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ထည့်သွင်း ပြဋ္ဌာန်းထားသည် ဆွစ်ဇာလန်အစိုးရအဖွဲ့များ၏လုပ်ပိုင်ခွင့်တာဝန်များကိုဥပဒေပြုခြင်းနှင့်ဆောင်ရွက်ခြင်းတာဝန်အားဖြင့်ကြည့်လျှင်ရှင်းလင်းပြတ်သားမှုရှိသည်ကိုတွေ့ရသည်။ဆိုလိုသည်မှာအစိုးရအဖွဲများအားပေးအပ်ထားသောတာဝန်အများစုသည်ဥပဒေပြုခွင့်နှင့်ဆောင်ရွက်ခွင့်အာဏာနှစ်ခုလုံးအကျုံးဝင်သည်ကိုတွေ့ရသည်။ဥပဒေပြုခြင်းနှင့်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတာဝန်နှစ်ရပ်လုံးပါဝင်သည့်ဖက်ဒရယ်အစိုးရ၏သီးခြားတာဝန်များ (ဥပမာ - နိုင်ငံတကာဆက်ဆံရေး၊ကာကွယ်ရေး၊ငွေကြေးမူဝါဒနှင့်အကောက်ခွန်)၊ ပြည်နယ်များ၏သီးခြားတာဝန်များ (ဥပမာ - ရဲလုပ်ငန်း၊ဘုရားကျောင်း၊အလယ်တန်းပညာရေးနှင့်ပြည်နယ်လမ်းများ)၊ဖက်ဒရယ်အစိုးရကဥပဒေပြုပြီးပြည်နယ်အစိုးရများကအကောင်အထည်ဖော်ဆောင်ရွက်သည့်ဖက်ဒရယ် - ပြည်နယ်ပူးတွဲတာဝန်များ (ဥပမာ - ကုန်သွယ်ရေး၊စက်ရုံအလုပ်ရုံ၊အလုပ်သမားမှတ်ပုံတင်ခြင်း၊လူမှုလုံခြုံရေးနှင့်သဘာဝပတ်ဝန်းကျင်မူဝါဒ)၊ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရတို့ပူးတွဲဥပဒေပြုပြီးပူတွဲတာဝန်ယူကြသည့်ဖက်ဒရယ် - ပြည်နယ်ပူးတွဲတာဝန်များလည်း (ဥပမာ -  ထိုတာဝန်များတွင်စိုက်ပျိုးရေး၊နိုင်ငံသားနှင့်ရာဇဝတ်မှုဥပဒေ၊အခွန်များ) နှင့်ဒေသန္တရအစိုးရ၏သီးခြားတာဝန်များ (ဥပမာ - ဒေသန္တရလမ်း၊ဒေသန္တရပို့ဆောင်ရေး၊ဒေသန္တရသဘာဝဓာတ်ငွေ့၊လျှပ်စစ်မီး၊ရေပေးဝေရေးနှင့်အမှိုက်၊မူလတန်းပညာရေး) ဟူ၍အုပ်စု (၄) ခုအားဖြင့်ခွဲခြားနိုင်သည်။ထိုတာဝန်အသီးအသီးကိုဆောင်ရွက်ရာတွင်လိုအပ်သောဘဏ္ဍာငွေများ (အသုံးစရိတ်များ) ကိုအစိုးရအဖွဲ့အသီးသီးကအချိုးအစားတစ်ခုခုဖြင့်ကျခံပေးရသည်။အချို့သောအသုံးစရိတ်များ(ကာကွယ်ရေး၊ကြွေးမီဆပ်ခြင်း၊စီးပွားရေးဝန်ဆောင်မှုများ) ကိုဖက်ဒရယ်အစိုးရကအဓိကကျခံပေးရပြီးအချို့ကို (ဥပဒေစိုးမိုးရေး၊လူမှုရေးဝန်ဆောင်မှုများနှင့်ပညာရေးနှင့်ကျန်းမာရေးတို့ကို) ပြည်နယ်များကအဓိကကျခံပေးရသည်ကိုတွေ့ရသည်။

ဆွစ်အစိုးရအဖွဲ့များ၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ စိတ်ဝင်စားစရာကောင်းသောအချက်တစ်ခုမှာဖက်ဒရယ်အစိုးရကဥပဒေပြုပြီး ပြည်နယ်များကအကောင်အထည်ဖော်ဆောင်ရွက်သည့် ပူးတွဲတာဝန်များအတွက် ဖက်ဒရယ်အစိုးရသည် ပြည်နယ်များ၏ ပူးပေါင်ဆောင်ရွက်ရန် အတင်းအဓမ္မ ဖိအားပေး၍ မရခြင်း ဖြစ်သည်။ ဥပမာ - သဘာဝပတ်ဝန်းကျင်မူဝါဒကိုဖက်ဒရယ်အစိုးရကဥပဒေပြုသည့်အခါ လေထုညစ်ညမ်းမှု ပမာဏကိုကန့်သတ်ချက် ချမှတ်ထားသော်လည်း ပြည်နယ်များကထိုဥပဒေကို ချိုးဖောက်လျှင် ဖက်ဒရယ် အစိုးရသည် ပြည်နယ်များကိုအရေးယူခွင့် မရှိသလောက်နည်းသည်။ ပြည်နယ်များအတွက် ချပေးသည့် ဖက်ဒရယ်ထောက်ပံ့ငွေများနှင့် အခွန်ငွေခွဲဝေမှုများကို ဖြတ်တောက်ခြင်းဖြင့် အရေးယူခွင့်မရှိပါ။ ထိုအခြေအနေသည် ဆွစ်ဖက်ဒရယ်စနစ်၏ အားနည်းချက်တစ်ခုအဖြစ် ရှုမြင်ကြသည်။ အခြားတစ်ဘက်တွင် ပြည်နယ်များသည် ဖက်ဒရယ်အစိုးရနှင့် ဖက်ဒရယ်လွှတ်တော်တို့၏ ဆုံးဖြတ် ချက်များအပေါ် ပြောပိုင်ခွင့် မရှိသလောက်ဖြစ်သည်။ အကယ်၍ ဖက်ဒရယ်အစိုးရကဥပဒေသစ်တစ်ခုခုကို ပြုရာတွင် ပြည်နယ်များ၏ အကျိုးစီးပွားကိုများစွာထိပါးလာလျှင် ပြည်နယ်များသည် (အနည်းဆုံးပြည်နယ် ၈ ခုသည်) လူထု ဆန္ဒခေါ်ယူပွဲကိုခေါ်ယူကျင်းပနိုင်သည်။ (လူထုဆန္ဒခေါ်ယူရန် ဆွစ်ဇာလန်နိုင်ငံသားများ၏ လက်မှတ်ပေါင်း ၅၀,၀၀၀ လိုအပ်သည်။)

အခွန်ဆိုင်ရာလုပ်ပိုင်ခွင့်အာဏာများ

ဆွစ်ဇာလန်နိုင်ငံတွင် အစိုးရအဖွဲ့များ၏ အခွန်အာဏာများကိုစနစ်တကျခွဲဝေထားသည် ။အစိုးရအဖွဲ့များ၏ တာဝန်ခွဲဝေမှုများကဲ့သို့ပင် ၎င်းတို့၏ အခွန်အာဏာများခွဲဝေရာတွင်လည်းတိကျရှင်းလင်းမှု ရှိသည်ကိုတွေ့ရသည်။ အစိုးရအဖွဲ့များ၏ အခွန်အာဏာများကိုအခွန်အခြေခံနှင့် အခွန်နှုန်းထားသတ်မှတ်ခြင်း၊ အခွန်ကောက်ခံ ခြင်းအားဖြင့် လေ့လာကြည့်လျှင် ဖက်ဒရယ်အစိုးရသည် ဖက်ဒရယ်အခွန်အားလုံးအတွက် အခွန်အခြေခံနှင့် အခွန် နှုန်းထားများကိုသတ်မှတ်ပြီး ပြည်နယ်နှင့်ဒေသန္တရအစိုးရတို့ကဖက်ဒရယ်အခွန်များကိုဖက်ဒရယ်အစိုးရကိုယ်စားကောက်ခံပြီးရရှိလာသောအခွန်ငွေများကို (တိုက်ရိုက်ဖက်ဒရယ်ဝင်ငွေခွန်နှင့် ပင်ရင်းမှ ဖြတ်တောက်ငွေကလွဲပြီး) ဖက်ဒရယ်အစိုးရထံလွှဲပြောင်းပေးရသည်။ ပြည်နယ်များ၏ အခွန်အာဏာများကို ကြည့်လျှင် ပြည်နယ်များသည် ပြည်နယ်အခွန်အားလုံးနီးပါး၏(မော်တော်ယာဉ်အခွန်ကလွဲပြီး) အခွန်အခြေခံများကိုသာသက်တမ်းသတ်မှတ်ပြီးအခွန်နှုန်းထားသတ်မှတ်ခြင်းနှင့် အခွန်ကောက်ခံခြင်းတို့ကိုဒေသန္တရအစိုးရနှင့် ပူးတွဲဆောင်ရွက်သည်။ ပြည်နယ်အခွန်များမှ ကောက်ခံရရှိလာသောဝင်ငွေများကို ပြည်နယ်နှင့် ဒေသန္တရ အစိုးရအဖွဲ့များအကြားသာခွဲဝေပြီးဖက်ဒရယ်အစိုးရအားခွဲဝေပေးရန် မလိုပေ။ ပြည်နယ်အခွန်ရငွေများခွဲဝေရာတွင် အချို့သောအခွန်ရငွေများကို ပြည်နယ်နှင့် ဒေသန္တရ အကြားအညီအမျှနီးပါးခွဲဝေပြီးအချို့ကို ပြည်နယ် သို့မဟုတ် ဒေသန္တရအားအချိုးအစားများစွာခွဲပေးသည်ကိုတွေ့ရသည်။

ဆွစ်ဇာလန်နိုင်ငံတွင် အခွန်အချို့ကို နှစ်ကာလသတ်မှတ်ပြီးယာယီစည်းကြပ်ကောက်ခံမှုသာခွင့်ပြုထားသည်။  ဥပမာ - တန်ဖိုးမြင့်ကုန်စည်ခွန်ကို ၂၀၂၀ ခုနှစ်အထိသာကောက်ခံခွင့်ပေးထားသည်။ အခြားနိုင်ငံနှင့် အခွန်ဆိုင်ရာစာချုပ်များ ချုပ်ဆိုခွင့်အာဏာသည် ဖက်ဒရယ်အစိုးရလက်ထက်တွင်သာရှိသည်။ ပြည်နယ်များတွင် ၎င်းတို့၏ အုပ်ချုပ်မှုနယ်မြေများအတွင်းအခွန်အသစ်များကိုဖန်တီးပြီးစည်းကြပ်ကောက်ခံခွင့်ရှိသည်။ ပြည်နယ်များတွင် အခွန်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိကြသဖြင့် ပြည်နယ်များအကြားအခွန်ပြိုင်ဆိုင်မှု မြင့်မားသည်ကိုတွေ့ရသည်။ ဆွစ်ဇာလန်ပြည်နယ်များ၏ ကော်ပိုရိတ်ဝင်ငွေခွန်များသည် အလွန်ကွာခြားပြီး ပြည်နယ်များသည် ကော်ပိုရှင်းကြီးများကိုဆွဲဆောင်နိုင်ရန် အခွန်နှုန်းထားများကိုနည်းနိုင်သမျှနည်းအောင် လျှော့ချကြသည်။ သို့ရာတွင် ပြည်နယ်များ၏ အခွန်ယှဉ်ပြိုင်မှုများသည် နိုင်ငံ၏ အခွန်ဘဏ္ဍာငွေများကိုအလေအလွင့်များစွာဖြစ်စေသည့် ယှဉ်ပြိုင်မှုများမဟုတ်ဟုသုံးသပ်ကြသည်။

ဆွစ်ဇာလန်နိုင်ငံတွင်အဓိကအခွန်အချို့ကို (ဥပမာ - တစ်ဦးချင်းဝင်ငွေခွန်၊ကော်ပိုရိတ်ဝင်ငွေခွန်နှင့်တန်ဖိုးမြင့်ခွန်) အစိုးရနှစ်ရပ်လုံး (ဖက်ဒရယ်နှင့် ပြည်နယ်) များကစည်းကြပ်ကောက်ခံခွင့် ရှိကြသဖြင့် အခွန်စနစ်များကိုစည်းဝါးညီအောင် ပြုလုပ်မှုများ (tax harmonization) ရှိသည်။ အခွန်အားလုံးထက် တိုက်ရိုက်ခွန်များဖြစ်သည့် ဝင်ငွေခွန်နှင့်ရောင်းဝယ်ခွန်များ၏ အခွန်အခြေခံများကိုသာ စည်းဝါးညီစေသည်။ (တစ်နည်းအားဖြင့်ဖက်ဒရယ်နှင့် ပြည်နယ်များသည် ထိုအခွန်များကိုစည်းကြပ်ကောက်ခံရာတွင် ဘုံအခြေခံများကိုအသုံးပြုကြသည်။) တိုက်ရိုက်ခွန်စည်းဝါးညီရေးဥပဒေ (Law on Harmonization of Direct Taxes) အရ ပြည်နယ်များသည် ဥပဒေများကို အကောင်အထည်ဖော်ရာတွင် ဖက်ဒရယ်အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန်လိုသည်။ ပြည်နယ်များသည် ၎င်းတို့၏အခွန်ဥပဒေများကို ဖက်ဒရယ်ဖွဲ့စည်းပုံနှင့်တိုက်ရိုက်ခွန် စည်းဝါးညီရေးဥပဒေတို့နှင့်ညီညွတ်မှုရှိနေသ၍လွတ်လပ်စွာ ပြဋ္ဌာန်းခွင့်ရှိသည်။ ထို့ကြောင့်ဆွစ်ဇာလန်ပြည်နယ်များ၏ အခွန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာ (ပြည်နယ်အခွန်ခြေခံနှင့်အခွန်နှုန်းထားတို့ကိုသတ်မှတ်ခွင့်ရှိခြင်း) သည်အလွန်မြင့်မားသည်ဟုသုံးသပ်ရှုမြင်ကြသည်။

ဘဏ္ဍာရေးမညီမျှမှုများ

ဆွစ်ဇာလန်နိုင်ငံတွင် ပြည်နယ်အစိုးရများအားဘဏ္ဍာရေးအာဏာများကိုလုံလောက်စွာအပ်နှင်းထားသဖြင့် ဒေါင်လိုက်ဘဏ္ဍာရေးမညီမျှမှုများသည် ကြီးမားသောဘဏ္ဍာရေးပြဿနာတစ်ခုမဟုတ်ပေ။ ပြည်နယ်များအကြားဘဏ္ဍာရေးမညီမျှမှုများ (သို့မဟုတ်) အလျားလိုက်ဘဏ္ဍာရေးမညီမျှမှုများသည်သာ နိုင်ငံ၏ ပုံမှန်ဘဏ္ဍာရေး ပြဿနာတစ်ခုအဖြစ် ရှိနေသည်။

အချို့သောဖက်ဒရယ်နိုင်ငံများနည်းတူဆွစ်ဇာလန်နိုင်ငံသည် အလျားလိုက် ဘဏ္ဍာရေးမညီမျှမှုများကိုဖက်ဒရယ်အစိုးရ၏ ဘဏ္ဍာရေးညီတူမျှတူအစီအစဉ်ဖြင့်လည်းကောင်း၊ ငွေချေးယူခြင်းဖြင့် လည်းကောင်းကုစားသည်။ ပြည်နယ်များအပြင် ဒေသန္တရအစိုးရများကလည်း နိုင်ငံခြားဘဏ်များမှ ငွေချေးယူပိုင်ခွင့် ရှိကြသဖြင့် အချို့ပြည်နယ်နှင့် ဒေသန္တရအစိုးရများသည် ၎င်းတို့၏ ပြည်သူ့ ဝန်ဆောင်မှုအသုံးစရိတ်လိုငွေများအတွက် ငွေချေးယူကြသည်။ ပြည်နယ်များသည် ကြွေးမြီအလွန်အကျွံ မတင်စေရန် ဖက်ဒရယ်အစိုးရသည် ဘဏ္ဍာရေးဆိုင်ရာစည်းကမ်းများ (fiscal discipline) ချထားသည်။ ထိုစည်းကမ်းအရ ပြည်နယ်များ၏ ဘတ်ဂျက်လိုငွေပြမှု (budget deficit) ကိုတားမြစ်ထားပြီးကြွေးမြီပမာဏကန့်သတ်မှုများလည်းထားရှိသည်။ ထိုစည်းကမ်းများကို ပြည်နယ်များလိုက်နာစေရန် ဖက်ဒရယ်မက်လုံး (၂) ခုထားရသသည် ။ ပထမတစ်ခုမှာဘဏ္ဍာရေးဆိုင်ရာလူထုဆန္ဒခံယူပွဲ(fiscal referendum) ဖြစ်ြပီး ပြည်နယ်များသည် အစိုးရ၏ မည်သည့် အစီအစဉ်ကိုမဆိုမဲထည့်ကန့်ကွက်ပိုင်ခွင့်ရှိသည်။ ဒုတိယတစ်ခုမှာ ပြည်နယ်အချို့တွင် ပြဋ္ဌာန်းထားသည့် ဥပဒေတစ်ခုဖြစ်ပြီးထိုဥပဒေအရ ပြည်နယ်များသည် ဘဏ္ဍာရေးအခြေအနေကောင်းသည့်အချိန်တွင် ပိုလျှံနေသည့် ဘဏ္ဍာငွေအချို့ကိုဖယ်ထုတ်ထားပြီးဘဏ္ဍာရေးအခြေအနေမကောင်းသည့် အချိန်တွင် ပြန်လည် အသုံးပြုနိုင်ရန် ဖြစ်သည်။

ဘဏ္ဍာငွေ လွှဲပြောင်းမှုများ

ဆွစ်ဇာလန်နိုင်ငံတွင် အစိုးရအဖွဲ့များအကြားဘဏ္ဍာငွေလွှဲပြောင်းမှုအစီအစဉ် ထားရှိသည်။ နိုင်ငံအတွင်း ၂၀၀၈ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှုသည် ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရတို့၏ လုပ်ငန်းတာဝန်များကို ပြန်လည်ဖွင့်ဆိုထားပြီး နိုင်ငံ၏ ဘဏ္ဍာရေးညီတူမျှတူစနစ်ကိုများစွာပြောင်းလဲလိုက်သည်။ ၂၀၀၈ ခုနှစ်တွင် ပြဋ္ဌာန်းလိုက်သည့် ဆွစ်ဇာလန်နိုင်ငံ၏ ဘဏ္ဍာရေးညီတူမျှတူစနစ်သစ်တွင် ဘဏ္ဍာငွေ လွှဲပြောင်းခြင်းအစီအစဉ် (၃) ခုပါရှိသည်။ ၎င်းတို့မှာ -

၁ -အရင်းအမြစ်သာတူညီမျှရေး (Resource Equalization) ပြည်နယ်များ၏ အရင်းအမြစ်များကို နှိုင်းယှဉ် ဖော်ပြထားသည့် အရင်းအမြစ်အခြေခံအညွှန်းကိန်းများကိုအခြေခံပြီး ပြည်နယ်များထံသို့ သာတူညီမျှရေးပေးငွေများ (equalization payments) လွှဲပြောင်းပေးသည်။ ထိုသာတူညီမျှရေးပေးငွေများကိုလိုအပ်ချက်ရှိသော ပြည်နယ်များထံသို့ ဖက်ဒရယ်အစိုးရမှလည်းကောင်း ၊ စွမ်းဆောင်နိုင်စွမ်းနိမ့်ကျသောပြည်နယ်များထံသို့ ဘဏ္ဍာရေးစွမ်းဆောင်နိုင်စွမ်းမြင့်မားသောပြည်နယ်များမှလည်းကောင်းလွှဲပြောင်းပေးသည်။

၂ -ဖက်ဒရယ်ကုန်ကျစရိတ်ထုတ်ပေးရေး (Federal Cost Compensation) ဖက်ဒရယ်အစိုးရမှ ပြည်နယ် များထံသို့ ဘဏ္ဍာငွေလွှဲပြောင်းပေးသည့် အစီအစဉ်တစ်ခု ဖြစ်သည်။  ပြည်နယ်များ၏ ဘဏ္ဍာရေးလိုအပ်ချက် မတူညီမှုများကိုလျှော့ချရန် ရည်ရွယ်သည်။ ပြည်နယ်များ၏ ပြည်သူ့ဝန်ဆောင်မှုကုန်ကျစရိတ်များအပေါ် သက်ရောက်နိုင်သည့် ပြည်နယ် များ၏ ပထဝီတည်နေရာနှင့် မြေမျက်နှာသွင်ပြင်အနေအထားတို့ကိုထည့်သွင်းစဉ်းစားထားပြီးတောင်ထူထပ်ပြီးကျေးလက်ဆန်သော ပြည်နယ်များအတွက် ရည်ရွယ်သည်။ ထို့အပြင် မြို့ပြဒေသများအတွက် အရေးကြီးသောလူဦးရေဆိုင်ရာအချက်လက်များကိုလည်းထည့်သွင်းစဉ်းစားသည်။

၃ -ပေါင်းစည်းညီညွတ်ရေးရန်ပုံငွေ (Cohesion Fund) ဘဏ္ဍာရေးစနစ်သစ်တစ်ခုသို့ ကူးပြောင်းရာတွင် ကြုံတွေ့ရနိုင်သည့် ဘဏ္ဍာရေးလိုအပ်ချက်များကိုကူညီပံ့ပိုးပေးနိုင် ရန်အတွက် ဖြစ်သည်။ ပြည်နယ်များသည် ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်အတွင်းဘဏ္ဍာရေးစွမ်းဆောင်နိုင်စွမ်းတစ်ချို့ လျော့ကျသွားနိုင်သဖြင့် စနစ်သစ်နှင့် အံဝင်ခွင်ကျ ဖြစ်သွားသည်အထိ လိုအပ်သော အရင်းအမြစ်များကိုကူညီပေးရန် ဖြစ်သည်။ ဤပေါင်းစည်းညီညွတ်ရေးရန်ပုံငွေကိုဖက်ဒရယ်နှင့် ဘဏ္ဍာရေးအားကောင်းသော ပြည်နယ်များကမတည်ထည့်ဝင်ပေးပြီးဖက်ဒရယ်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဘဏ္ဍာရေးအားနည်းသော ပြည်နယ်များထံသို့ ပြန်လည် လွှဲပြောင်းသည်။

အချုပ်ဆိုရသော် ဆွစ်ဇာလန်နိုင်ငံသည် သေးငယ်သော နိုင်ငံတစ်ခုဖြစ်သော်လည်း နိုင်ငံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့် အားကောင်းသောဖက်ဒရယ်နိုင်ငံတစ်ခုဖြစ်သည်။ တစ်ဘက်တွင် ပြည်နယ်များ၏ အခွန်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလုံလောက်စွာပေးထားပြီးအခြားတစ်ဘက်တွင် ဘဏ္ဍာရေးစွမ်းဆောင် နိုင်စွမ်းနိမ့်ကျသော ပြည်နယ်များအတွက် ဘဏ္ဍာရေးသာတူညီမျှရေးအစီအစဉ်များကိုထားရှိသည်။ ပြည်နယ်များအကြားဘဏ္ဍာရေး မျှတရေးအတွက် ဖက်ဒရယ်အစိုးရအပြင်ဘဏ္ဍာရေးစွမ်းဆောင်နိုင်စွမ်းမြင့်သော ပြည်နယ်များကလည်းသာတူညီမျှရေးပေးငွေများလွှဲပြောင်းခြင်းခြင့် ဝိုင်းဝန်းဖြေရှင်းပေးသည်။ ထိုအချက်သည်နိုင်ငံ၏ စည်းလုံးညီညွတ်မှုကိုထိန်းသိမ်းရာလည်းရောက်သည်။   ။ ( မဇ္ဈိမ )

{ ရှေ့အပတ် - သြစတြေးလျ နိုင်ငံ }

  1. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁ )
  2. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၂ )
  3. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၃ )
  4. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၄ )
  5. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၅ )
  6. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၆ )
  7. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၇ )
  8. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၈ )
  9. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၉ )

  10. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၀ )

  11. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၁ )

  12. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၂)