ရန်ကုန်-မန္တလေးအမြန်လမ်းတွင် စည်းကမ်းဖောက်ယာဉ်များကို ဒဏ်ကြေးငွေ ကျပ်သန်း ၁၆၀၀ ကျော် ချမှတ်ခဲ့

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် စည်းကမ်းဖောက်ယာဉ်များကို ဒဏ်ကြေးငွေ ကျပ်သန်း ၁၆၀၀ ကျော် ချမှတ်ခဲ့
ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် မောင်းနှင်နေသည့် Hijet ယဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

နေပြည်တော်၊ သြဂုတ်လ ၈ ။           ။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် နေ့စဉ် ဖြတ်သန်းသွားလာနေသည့် ယာဉ်များအနက်မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သည့်ယာဉ်များထံမှ သုံးနှစ်အတွင်း ဒဏ်ကြေးငွေကျပ် ၁၆၃၉.၁သန်း ချမှတ်ခဲ့ပြီ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။

“၁.၉.၂၀၁၆ရက်နေ့မှ ၃၁.၇.၂၀၁၈ရက်နေ့ထိ အမြန်လမ်းရဲတပ်ဖွဲ့ကြီးလှည်းကူးမြို့နယ်တရားရုံးမှာ ၆၈၆၇ မှု၊ ပဲခူးမြို့နယ်တရားရုံးမှာ ၆၄၇ မှု၊ ဖြူးမြို့နယ်တရားရုံးမှာ ၅၇၃၇ မှု၊တောင်ငူမြို့နယ်တရားရုံးမှာ ၂၉၅မှု၊ ဇဗ္ဗူသီရိ မြို့နယ်တရားရုံးမှာ ၁၁၅၉၃မှု၊ မိတ္ထီလာမြို့နယ်တရားရုံးမှာ ၁၈၇၆မှု၊တံတားဦးမြို့နယ်တရားရုံးမှာ ၅၇၆၇ မှု စုစုပေါင်း ၃၂၇၈၂မှုကို ယာဉ်မောင်း ၃၂၇၈၂ဦးအားတရားစွဲတင်ပို့နိုင်ခဲ့ရာ သက်ဆိုင်ရာမြို့နယ် တရားရုံးများမှ ဒဏ်ငွေစုစုပေါင်း ကျပ် ၁၆၃၉.၁သန်းအား ချမှတ်ခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ရရှိခဲ့သည့် ဒဏ်ကြေးငွေများကို သက်ဆိုင်ရာမြို့နယ်တရားရုံးများမှတဆင့် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေသို့ သတ်မှတ်ထားသည့် ငွေစာရင်းခေါင်းစဉ်များဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ တဆင့် ပေးသွင်းလျှက်ရှိကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။

ယနေ့ သြဂုတ်လ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အင်းစိန် မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦး မေးမြန်းခဲ့သည့် “ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်မိုင်နှုန်း အရှိန်ထက် ပိုမိုမောင်းနှင် နေသောကားများအား မည်သို့မည်ပုံ ဖမ်းဆီးအရေးယူနေသည်ကို သိရှိလိုခြင်း” ဟု မေးမြန်းခဲ့သည့်မေးခွန်းအပေါ် ပြည်ထဲရေး ဒုဝန်ကြီးက ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

မော်တော်ယာဉ်အက်ဥပဒေပုဒ်မ ၄၉အရ “အများပြည်သူဆိုင်ရာ နေရာတွင် မော်တော်ယာဉ်ကို သတ်မှတ်ထား သည့် အမြန်နှုန်းထက် ပိုမောင်းခြင်း၊ သတ်မှတ်ထားသည့် အမြန်နှုန်းအောက် လျော့မောင်းခြင်း၊ ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် မော်တော်ယာဉ်ကို မောင်းခြင်း၊ မူးယစ်ဆေးဝါးသို့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ သုံးစွဲ၍ သော်လည်းကောင်း၊ အရက်သေစာ သောက်စား၍သော်လည်းကောင်း မော်တော်ယာဉ်ကို မောင်းနှင်ခြင်း မပြုလုပ်ရ”ဟု ပြဋ္ဌာန်းပါရှိပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှ စတင်ကာ အမြန်လမ်းပေါ်တွင် သတ်မှတ်မိုင်နှုန်း ကီလိုမီတာ ၁၀၀ အထက် ပိုမိုမောင်းနှင်သော ယာဉ်များကို Red Flex(Radar System) များဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။

အထက်ပါ “ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ပါက မော်တော်ယာဉ်ဥပဒေပုဒ်မ ၅၈(ဂ) တွင် ထိုသူကို တစ်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ငါးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားရှိပါတယ်”ဟု အဆိုပါ ဥပဒေနှင့် ဖမ်းဆီးခဲ့ကြောင်း ဒုဝန်ကြီးက အစည်းအဝေးတွင်း ဖြေဆိုခဲ့သည်။

ထို့နောက် ဦးမောင်မောင်ဦးက ဆက်စပ်မေးခွန်းအဖြစ် သူ၏ ပထမမေးသော မေးခွန်းထဲတွင် ပါရှိခဲ့သည့် အဆိုပါ ဖမ်းဆီးမှုများထဲတွင် “အဂတိတရား ကင်းစင်အောင် ဘယ်လိုထိန်းကျောင်းသွားပါသလဲဆိုတဲ့ အချက်ကို ကျွန်တော်ရှင်းရှင်းလင်းလင်း မကြားလိုက်ပါဘူး” ဟု ဆက်လက်မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းနှင့်ပတ်သတ်ပြီး ပြည်ထဲရေး ဒုဝန်ကြီး ဦးအောင်သူက “အဂတိနဲ့ပတ်သတ်လို့ကျွန်တော်တို့ အတတ်နိုင်ဆုံး ကင်းရှင်းအောင်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဆက်လက်ဖြေဆိုခဲ့သည်။

အမြန်လမ်းမကြီးသည် ၃၆၆မိုင်၊ ၃ဖာလုံ အရှည်ရှိပြီး ယာဉ်စီးရေ ၂၅၀၀၀ ခန့် နေ့စဉ်ဖြတ်သန်းနေကာ ယာဉ်မတော်တဆမှုများလည်း နေ့စဉ်ဖြစ်ပွားလျက်ရှိရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၁ရက်နေ့အထိ ယာဉ်မတော်တဆမှု ဖြစ်စဉ်များတွင် သေဆုံးသူ ၃၄၀ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၆၉၄ဦး ရှိသွားခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required