မန္တလေးတွင် ခြင်ဆေးခွေထွန်းရာမှာ နေအိမ် ရ လုံး မီးလောင်

မန္တလေးတွင် ခြင်ဆေးခွေထွန်းရာမှာ နေအိမ် ရ လုံး မီးလောင်

မန္တလေး၊ သြဂုတ် ၈ ။            ။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ) ရပ်ကွက် ၊ ဘုရင့်နောင်လမ်းနှင့် ကျန်စစ်သားလမ်းကြား၊ (၅၄)လမ်း နှင့် (၅၅)လမ်းကြား၊ အကွက်အမှတ် (ထထ-၁၃)၊ အိမ်အမှတ်(၅၇)၊ ပိုင်ရှင် ဦးသိန်းသိန်းဦး၏ နေအိမ်တွင် သြဂုတ်လ ၈ ရက် နံနက်၃ နာရီ ၅၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် (၂၀×၃၀)ပေ သွပ်မိုး၊ ထရံကာ (၁)ထပ်နေအိမ် (၁)လုံး၊ (၁၀×၂၀)ပေ သွပ်မိုး၊ ထရံကာ (၁)ထပ် နေအိမ် (၄)လုံး၊ (၂၀×၃၀)ပေ ပျဉ်ကာ၊ ပျဉ်ခင်၊ သွပ်မိုး (၂)ထပ် နေအိမ်(၁)လုံး၊ (၁၀×၄၀) ပေ အုတ်ညှပ်နံကပ် (၁)ထပ် နေအိမ် (၁)လုံး စုစုပေါင်း (၇)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၆၄၆၀၀၀၀ ကျပ် မီးလောင် ဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်မှာ ဦးသိန်းသိန်းဦး၏ (၂၀×၃၀)ပေ သွပ်မိုး၊ ထရံကာ (၁)ထပ် နေအိမ်အတွင်း ခြင်ဆေးခွေအား အောက်ခံပြားမပါဘဲ ထွန်းထားရာမှအနီးရှိ စာအုပ်ပုံပေါ်သို့ ကူးစက်ကာ မီးလောင်မှု စတင် ဖြစ်ပွားခဲ့သည်။

မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြိမ်းသတ်ယာဉ် (၄၀)စီး၊ ရေသယ်ယာဉ် (၁၀)စီး၊ အုပ်ချုပ်မှုယာဉ် (၂)စီး၊ သန္ဓေ (၁၁၀)ဦး၊ အရန် (၁၉၀)ဦး တို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက်(၄)နာရီ (၃၅)မိနစ်တွင် မီးလုံးဝ ငြှိမ်းသတ်နိုင်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုံနယ်မြေရဲစခန်းတွင် အိမ်ပိုင်ရှင်၏ ဇနီးဖြစ်သူ ဒေါ်ဖြူဖြူသင်းအား (ပ)၃၉၇/ ၂၀၁၈ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားသည်။

မီးဘေးသင့် အိမ်ထောင်စု ၈ စု လူဦးရေ ၃၄ ဦး၊ကျား ၁၅ ဦး၊ မ ၁၉ ဦးအား (စ)ရပ်ကွက်ရှိ ရတနာကိုးသွယ် ဓမ္မာရုံတွင် ယာယီ ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားပြီး သြဂုတ်လ ၈ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး သဘာဝဘေးတုံ့ပြန်အဖွဲ့မှ အိမ်ထောင်တစ်စုလျှင် ဆန်၊ဆီ၊အဝတ်အထည် ခေါက်ဆွဲခြောက် ငါးသေတ္တာ ဒန်အိုး ဒန်ခွက် အစရှိသော ထောက်ပံ့ရေးပစ္စည်း နှင့် နှစ်သောင်းကျပ်နှုန်း ထောက်ပံ့ပေးထား ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required