ဖြတ်သန်းသွားလာရေးဆောင်ရွက်ပေးနေသည့် ICP အဆောက်အဦမျိုး မြန်မာဘက်တွင် အိန္ဒိယမှ တည်ဆောက်ပေးမည်

ဖြတ်သန်းသွားလာရေးဆောင်ရွက်ပေးနေသည့် ICP အဆောက်အဦမျိုး မြန်မာဘက်တွင် အိန္ဒိယမှ တည်ဆောက်ပေးမည်

 

သြဂုတ် ၈၊ မိုရေး ။             ။ အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်၊ မိုးရေး မြန်မာနယ်စပ်တွင် ဆောက်လုပ်ထားသည့် ဖြတ်သန်းသွားလာရေးကိစ္စ အတွက် ဆောင်ရွက်ပေးနေသော Integrated check post ( ICP)အဆောက်အဦမျိုး မြန်မာနိုင်ငံဘက် တွင်လည်း အိန္ဒိယမှ တည်ဆောက်ပေးမည်ဟု သိရသည်။

ယနေ့ ဩဂုတ်လ ၈ ရက်က အိန္ဒိယနိုင်ငံ နယ်စပ်ရှိ Integrated check post( ICP)ခန်းမတွင် မြန်မာ - အိန္ဒိယ ဖြတ်သန်းသွားလာရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူများ အစည်းအဝေးဆုံးဖြတ်ချက်အရ သိရခြင်း ဖြစ်သည်။

“ ဒီကနေ့ အဓိထားဆွေးနွေးတာ အိန္ဒိယဘက်မှာရှိတဲ့ (ICP) Integrated check post အဲ့ဒီလို အဆောက်အဦအမျိုးကို မြန်မာနိုင်ငံဘက်မှာ အိန္ဒိယဘက်ဆောက်ပေးမယ် ။ မြန်မာနိုင်ငံဘက်က မြေဧက ၁၀ ဧက ရှာပေးရမယ်။ ကျန်တာတော့ နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းသွားရေးကိစ္စတွေ၊ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ဗီဇာကိစ္စတွေ ဆွေးနွေးခဲ့တာပါ " ဟု အဆိုပါ အစည်းအဝေးကို တက်ရောက်ခဲ့သော မြန်မာနိုင်ငံ ဘက်မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ နှစ်နိုင်ငံချစ်ကြည်ရေး တံတားဂိတ်ကို  ဩဂုတ်လ ၈ ရက် မနက် ၈ နာရီခွဲ အချိန်က မြန်မာ -အိန္ဒိယ အပြည်အပြည်ဆိုင်ရာနယ်စပ် ဝင်/ထွက် ဂိတ်ဖွင့်ပွဲ ပြုလုပ်ခဲ့သည်။

ထိုသို့ ဖြတ်သန်းသွားလာရေးများအတွက် Integrated check post ( ICP)တွင် ဆောင်ရွက်ပေးနေပြီး Passenger Terminal ပါဝင်သည်။

ယင်းအစည်းအဝေးတွင် မဏိပူရ် ပြည်နယ်ဝန်ကြီးချုပ်၏ အကြံပေးက မြန်မာနိုင်ငံ ဗုဒ္ဓဂါယာသို့ ဘုရားဖူး သွားရောက်သူများသည် ရန်ကုန်မှတဆင့် သွားရောက်နေရသည့်အတွက် ကုန်ကျစရိတ် ပိုမိုကုန်ကျနေ ကြောင်း တမူးနယ်စပ် ဖြတ်သန်းသွားလာနိုင်ပါက ကုန်ကျစရိတ် သက်သာမည်ဖြစ်ကြောင်း ပြောခဲ့သည်။

လက်ရှိတွင် မြန်မာ -အိန္ဒိယနယ်စပ် တမူးမြို့နှင့် ရိခေါဒ်ဂိတ်များတွင်နှစ်နိုင်ငံ အပြည်အပြည်ဆိုင်ရာ နယ်စပ်ထွက်ပေါက်ကို Border Pass Permit စနစ် နှစ်မျိုးဖြစ်သည့် BP( Border Pass) စနစ်နှင့် TBP(Temporary Border Pass) ဝင်ထွက်သွားလာနိုင်ပြီး ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံ အပြည်အပြည်ဆိုင်ရာ နယ်စပ်ထွက်ပေါက် Border Pass စနစ်နှင့် ဖြတ်သန်းသွားလာခွင့် ပြုနိုင်ရေး အတွက် မေလ ၁၀ ရက်က နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လတ်မှတ်ရေးထိုးခဲ့ပြီးနောက် အခုလို ဖွင့်လှစ်နိုင် ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required