စိုက်ပျိုးမြေအမျိုးအစားစစ်ဆေးရာတွင် ကြန့်ကြာနေ၍ စဉ့်ကိုင်မှ ဘူးသီးစိုက်တောင်သူများ အခက်အခဲ ဖြစ်နေ

စိုက်ပျိုးမြေအမျိုးအစားစစ်ဆေးရာတွင် ကြန့်ကြာနေ၍ စဉ့်ကိုင်မှ ဘူးသီးစိုက်တောင်သူများ အခက်အခဲ ဖြစ်နေ

 

မန္တလေး၊ သြဂုတ်လ ၈ ရက် ။          ။ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်အတွင်းမှာရှိသည့် ဘူးသီးစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရေး ဦးစီးဌာနမှ မြေအမျိုးအစားများ စစ်ဆေးပေးရာတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်နေခြင်းကြောင့် စိုက်ပျိုးရန် အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိသည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း(မန္တလေးတိုင်းဒေသကြီး)ဥက္ကဋ္ဌ ဦးနေလင်းမောင်မောင်က ပြောသည်။

"မြန်မာ့စိုက်ပျိုးရေးကနေပြီး မြေတွေကို စစ်ဆေးဖို့လျှောက်ထားလို့ရပြီ ဆိုတော့မှ စိုက်တဲ့တောင်သူတွေကို ကျွန်တော်က စည်းရုံးပြီးတော့ မြေစစ်ဖို့အတွက် စည်းရုံးပြီး လုပ်ဆောင်ခဲ့တယ်။"ဟု ဦးနေလင်းမောင်မောင်က ပြောသည်။

ထိုသို့လုပ်ဆောင်ခဲ့ခြင်းကြောင့် စဉ့်ကိုင်မြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာနမှ ဇွန်လ ၃ ရက်နေ့က မြေစစ်ရန်အတွက် မြေနမူနာလာရောက်ယူသွားခဲ့သော်လည်း ယနေ့အချိန်ထိ အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း ဦးနေလင်းမောင်မောင်က ဆိုသည်။

ဦးနေလင်းမောင်မောင်က"ကျွန်တော်တို့ ဘူးသီးစစိုက်တဲ့အချိန်ကနေစစ်တာ အခု ဘူးသီးကထွက်လို့ ရောင်းလို့ကုန်တော့မယ်အနေအထားထိ ရောက်နေပြီ ။ မြေစစ်တဲ့အဖြေက မရပါဘူး။"ဟု ပြောသည်။

ဘူးသီးစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရန်အတွက် မြေစစ်ဆေးရခြင်းမှာ မြေချဉ်၊မြေငံ သိရှိစေရန်အတွက် ဖြစ်သည်။ထိုသို့သိမှသာ အပင်ရှင်သန်ရေး၊ အသီးအထွက်တိုးရေးတို့အတွက် သွင်းအားစုဆေးများအသုံးပြုရန် အဆင်ပြေမည်ဖြစ်သည်။

ယခုအခါတွင် စစ်ဆေးထားသည့် မြေအဖြေမရရှိသေးခြင်းကြောင့် မိရိုးဖလာနည်းများဖြင့်သာ ဆက်လက် စိုက်ပျိုးနေရသည်ဟု ဦးနေလင်းမောင်မောင်က ဆိုသည်။

ဘူးသီးစိုက်တောင်သူ ကိုဝင်းထွန်းအောင်က"ဘာကြောင့်မရသေးဘူးဆိုတာ အကြောင်းမကြားဘူး။သူတို့ ဖုန်းနံပါတ်ယူသွားတယ်။ ဖုန်းလည်း မဆက်ဘူး။ ဒီထဲမှာ ပါဝင်တာ ဘာမှမသိရဘူး။ ဘာမှ မသိလို့ သူတို့ဆီမှာ စစ်တယ်။ အခုကြတော့လည်း ဘာမှမသိတော့ အပင်မွေးတာ ကျွေးတာကအစ၊ပြုစုရာကအစ ခေတ်မီစွာ မကျွေးနိုင်၊မမွေးနိုင်တော့ ကျွန်တော်တို့ရိုးရာအတိုင်းပဲ ဆက်လုပ်နေရတယ်။"ဟု ပြောသည်။

စဉ့်ကိုင်မြို့နယ်တွင် ဘူးသီးစိုက်တောင်သူ ၁၀၀ ကျော်ရှိနေပြီး မြေစစ်ဆေးမှုအဖြေ မရရှိသေးခြင်းကြောင့် မိရိုဖလာနည်းဖြင့်သာ ဆက်လက်စိုက်ပျိုးနေရပြီး မြေအဖြေ အမြန်ရရှိရေးအတွက် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း(မန္တလေးတိုင်းဒေသကြီး)က သက်ဆိုင်ရာအဖွဲ့ထံ ဆက်သွယ်မှုများ လုပ်ဆောင်နေသော်လည်း အကြောင်းပြန်ကြားမှုမရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly