ဘဝမကူးသည့်နေ့မရှိသော ဘဝသစ် အကျဉ်းစခန်းများ

ဘဝမကူးသည့်နေ့မရှိသော ဘဝသစ် အကျဉ်းစခန်းများ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို.နယ် ရာဇဂြိုလ် (၂) ဘဝသစ်ရဲဘက်အကျဉ်းသားစိုက်ပျိုးစခန်းအနီး အကျဉ်းသားများအလုပ်လုပ်နေရပုံ။ (ဓာတ်ပုံ - Myanmar Now)

၁၉၈၈ မှ ၂ဝ၁ဝ ကာလ တစ်ကျော့ပြန် စစ်အုပ်ချုပ်ရေး ကာလအတွင်း မြန်မာပြည်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှှုမျိုးစုံကို အားလုံးအနည်းနှင့် အများဆိုသလို သိရှိကြသည်။

သို့သော်ထိုကာလ၏ အကြီးမားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှှုတစ်ခုမှာ ထောင်နှင့်ချီသော အကျဉ်းသားတို့ ရဲဘက်စခန်းများတွင် သေဆုံးမှှုဖြစ်သည်။

ညှင်းပန်းနှိပ်စက်ခံရခြင်း၊ အစာရေစာချို့တဲ့ခြင်းှု၊ ကျန်းမာရေး စောင့်ရှောက်မှှု အားနည်းခြင်းတို့ကြောင့် အကျဉ်းသားအများအပြား စစ်အုပ်ချုပ်ရေးကာလအတွင်း သေဆုံးခဲ့ကြသည်ဟူသော သတင်းများ ပျံ့နှံ့ခဲ့သော်လည်း ခိုင်မာသော အထောက်အထားများ ယခုအချိန်အထိ ပေါ်ထွက်လာခြင်း မရှိပေ။ 

သို့သော် လွန်ခဲ့သည့် နှစ်နှစ်တာအတွင်း Myanmar Now က ထိုကိစ္စနှင့်စပ်လျဉ်း၍ စုံစမ်းမှှုများ ပြုလုပ်ခဲ့ရာ အကျဉ်းဦးစီးဌာနမှ အငြိမ်းစားနှင့် တာဝန်ယူဆဲ အရာရှိကြီးများ၊   ရွာလူကြီးများ၊ အုပ်ချုပ်ရေးမှူးဟောင်းများ၊ ရဲဘက်စခန်းများမှ လွတ်မြောက်ခဲ့သော အကျဉ်းသားအချို့နှင့် တွေ့ဆုံ မေးမြန်းခဲ့သည်။

ထိုစုံစမ်းမှှုအတွင်း ၎င်းတို့က အကျဉ်းသားသေဆုံးမှှုများနှင့်စပ်လျဉ်း၍ အသေးစိတ် အချက်အလက်တချို့ကို ပထမဦးဆုံးအကြိမ် တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။

အကျဉ်းအသားအများအပြား သေဆုံးခဲ့သော အကျဉ်းစခန်းများတွင် မြန်မာပြည်အနောက်ဘက် တောတောင်လျှိုမြှောင် ထူထပ်လှသော စစ်ကိုင်းတိုင်းဒေသကြီး ကဘော်ချိုင့်ဝှမ်းရှိ “ဘဝသစ်” အမည်ရ စိုက်ပျိုးရေးအကျဉ်းသားရဲဘက်စခန်းများမှာ နာမည်ဆိုးဖြင့် အကျော်ကြားဆုံးဖြစ်သည်။

“အကျဉ်းသားနှစ်ယောက်လောက်တော့ နေ့တိုင်းသေတယ်။ သေတိုင်း ကျွန်တော်ကိုယ်တိုင် လက်မှတ်ထိုးပေးခဲ့ရတယ်။ ဝမ်းလျှောလို့ သေတယ်၊ ဝမ်းကိုက်လို့ သေတယ်၊ ဝမ်းနာလို့ သေတယ်၊ ဒီလိုရောဂါတွေနဲ့ သေကြောင်း အကျဉ်းဦးစီးအာဏာပိုင်တွေအတွက် လက်မှတ်ထိုးပေးခဲ့ရတယ်” ဟု  စစ်ကိုင်းတိုင်းကလေးမြို့နယ်ရှိ ရာဇဂြိုဟ် (၁) စိုက်ပျိုးရေးအကျဉ်းစခန်းအနီးရှိ ရာဇဂြိုဟ်ရွာ၏ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးစံဗလက Myanmar Now ကို ပြောဆိုသည်။

လူဦးရေတိုးပွားရန် မဟာအကြံ

၁၉၉၁ မေလတွင် စစ်ကိုင်းတိုင်းမုံရွာထောင်မှ အကျဉ်းသား ၃ဝဝ၊ အကျဉ်းဦးစီးဌာန ဝန်ထမ်း ၂၅ ယောက် ပါသည့် သဘောၤတစ်စင်းသည် မုံရွာမြို့မှ ချင်းတွင်းမြစ်အတိုင်း ဆန်တက်ခဲ့သည်။

 ကလေးဝ ရောက်လျှင် ကားများဖြင့် တမူးမြို့ဖက်သို့ ခရီးဆက်ခဲ့ကြပြီး၊ တမူးမြို့နှင့် ၁၅ မိုင်ခန့်အကွာတွင် စခန်းချခဲ့ကြသည်။

ဝက်ရှှုရွာအနီး တည်ရှိသောကြောင့် မူလက ဝက်ရှှုစခန်းဟု  အမည်တွင်ပြီး နောင်တွင် အုတ်ဖိုကန်ဘောင်စခန်းဟု  ခေါ်ဆိုသော ထိုစခန်းသည် အကျဉ်းဦးစီးဌာန၏ ပထမဦးဆုံးသော ကဘော်ချိုင့်ဝှမ်း “ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှှုစခန်း” ဖြစ်သည်။

ရဲဘက်အကျဉ်းသားများဖြင့်လည်ပတ်ရသော ဘဝသစ် စိုက်ပျိုးထုတ်လုပ်မှှုစခန်း (သို့မဟု တ်) ဘဝသစ်စခန်း ဆိုသည်မှာ ထိုအချိန်က မြန်မာနိုင်ငံကိုအုပ်ချုပ်နေသော စစ်အာဏာရှင် ဗိုဟ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၏ ပထဝီနိုင်ငံရေး စီမံကိန်းအစိတ်အပိုင်းတစ်ခု ဖြစ်သည်။

အိန္ဒိယမြန်မာနယ်စပ်တစ်လျှောက်ရှိ မြန်မာပိုင်နယ်မြေများသို့ တစ်ဖက်အိမ်နီးခြင်း အိန္ဒိယနိုင်ငံမှ လူများစိမ့်ဝင်လာခြင်းကို ကြိုတင်ကာကွယ်ရန်လိုအပ်သည်ဟု  သူက ယူဆခဲ့သည်။ 

ထိုကဲ့သို့ကာကွယ်ရန် အိန္ဒိယမြန်မာနယ်စပ်တစ်လျှောက်ရှိဒေသများ၊ အထူးသဖြင့် စစ်ကိုင်းတိုင်း ကဘော်ချိုင့်ဝှမ်းသည်  လူဦးရေနေထိုင်မှှုနည်းပါးသည့်အတွက် ထိုဒေသများတွင် လူဦးရေတိုးပွားစေရန် ရဲဘက်အကျဉ်းသား စိုက်ပျိုးရေးစခန်းများဖွင့်လှစ်ရမည်၊ အကျဉ်းသားများလုပ်အားဖြင့် မြေလွတ်မြေရိုင်းများကို စိုက်ပျိုးလယ်ယာမြေများအဖြစ်ဖော်ထုတ်ရမည်၊ အကျဉ်းသားများလွတ်ရက်စေ့လျှင် ဆန္ဒရှိသူများကို လယ်ကွက်များ၊ ကျွဲနွားများပေးပြီး ၎င်းတို့၏ မိသားစုများကိုခေါ်ဆောင်စေကာ ရွာသစ်များတည်ပေးမည်။  ထိုကဲ့သို့်ရွာသစ်များတည်ပေးခြင်းဖြင့် လူဦးရေတိုးပွားစေကာ တစ်ဖက်နိုင်ငံများမှ မြန်မာနိုင်ငံတွင်းသို့ လူဦးရေ စိမ့်ဝင်အခြေချခြင်းကို ကာကွယ်စေနိုင်မည်ဟု  သူက ဆိုခဲ့ကြောင်း အကျဉ်းဦးစီးဌာန မှတ်တမ်းအချို့တွင် ရေးသားထားသည်။

ပထဝီနိုင်ငံရေးရည်ရွယ်ချက်များအပြင် “အလဟဿလေလွင့်ဆုံးရှှုံးနေသော” အကျဉ်းထောင်များရှိ အကျဉ်းသားလုပ်အားကို နိုင်ငံတော်စီမံကိန်းများအတွက် သုံးစွဲရန်၊ အကျဉ်းဦးစီးဌာနအတွက် နိုင်ငံတော်က ကုန်ကျရသော စရိတ်များကို ပြန်လည်ကာမိစေရန် အကျဉ်းသားများက ကျောက်ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ပြီး ဝင်ငွေပြန်ရှာရန် ၁၉၉၈ မှ ၂ဝ၁ဝ အတွင်း အာဏာယူခဲ့သော စစ်ဗိုဟ်ချုပ်ကြီးများက အမိန့်ပေးစီမံခဲ့ကြောင်း Myanmar Now က ဖတ်ရှှုလေ့လာခွင့်ရသည့်   အစိုးရ အမိန့်ညွှန်ကြားချက်တချို့တွင် တွေ့ရှိရသည်။

၁၉၉၈ သြဂုတ် ၂၅ နေ့စွဲဖြင့် စစ်အစိုးရက ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၁/၉၈ တွင် ပြည်ထဲရေး ဝန်ကြီးဌာနသည် အကျဉ်းသားများ၏ လုပ်အားကို စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း၊ ဝန်ဆောင် တပ်ရင်း လုပ်ငန်း (အကျဉ်းသားများကို ရှေ့တန်း စစ်ဆင်ရေးနေရာများတွင် လက်နက်ရိက္ခာများ သယ်ခိုင်းခြင်းဖြစ်ပြီး၊  ယခုအချိန်တွင်ဖျက်သိမ်းလိုက်ပြီဖြစ်သည် ) နှင့် ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှှုစခန်းများကို မိမိ၏ ဘဏ္ဍာငွေ အစီအစဉ်ဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ရန် ဟူသော စကားရပ် ပါရှိသည့် အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ထိုစာတွင် ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှှုစခန်းဆိုသည်မှာ “ပြစ်ဒဏ်ကျအကျဉ်းသားများ၏ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတို့ကို တိုးတက် ပြောင်းလဲစေပြီး ဘဝသစ်ကို တည်ဆောက်ပေးသော စခန်း” ကို ဆိုလိုသည်ဟု  အနက်ဖွင့်ထားသည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အလွန်ကြည်နူးစရာ ကောင်းလှသော်လည်း ပကတိဖြစ်ရပ်မှာမူ အကျဉ်းသားပေါင်း များစွာ တမလွန်ဘဝသစ်သို့ ကူးပြောင်းခြင်းပင် ဖြစ်လေသည်။

ထိုအမိန့်မထွက်မီပင် စတင်ခဲ့သော ကဘော်စီမံကိန်းအရ တမူးမြို့ရှိ တောရိုင်းနေရာများတွင် သနန်၊ ဗန္ဓုလ၊ ဆရာစံ၊ မြို့သစ်၊ အုတ်ဖိုကန်ဘောင်နှင့် ကလေးမြို့ရှိ ရာဇဂြိုဟ် (၁) ၊ ရာဇဂြိုဟ် (၂) အစရှိသော “ဘဝသစ် စိုက်ပျိုးထုတ်လုပ်မှှုစခန်း” ခေါ် ရဲဘက်အကျဉ်းစခန်းများကို စခန်းတစ်ခုလျှင် အကျဉ်းသားပျမ်းမျှ ၃ဝဝ ခန့်ဖြင့် ၁၉၉၁ မှစတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ထိုစခန်းတို့က ထောင်နှင့်ချီသော လယ်ဧကများဖော်ထုတ်ရန်၊ နှစ်စဉ် စပါးတင်းပေါင်းများစွာ အကျဉ်းဦးစီးဌာနသို့ အပ်နှံရန်လျာထားချက်များချမှတ်ခဲ့သည်။ 

သောက်သောက်လဲသေကြပြီ

ဘဝသစ်စခန်းများအနက် ဗွေဆော်ဦးစခန်းဖြစ်သည့် တမူးမြို့အနီးရှိ အုတ်ဖိုကန်ဘောင်စခန်း ဖြစ်မြောက်စေရန် နောက်တန်းမှ စီမံပေးခဲ့ရသူတစ်ဦးမှာ ထိုအချိန်က မုံရွာထောင်တွင် တာဝန်ကျနေသော အကျဉ်းဦးစီးဌာန အရာရှိ ထောင်မှူး ဦးတင်အောင်ဖြစ်သည်။

ထိုစခန်းနှင့် နောက်တိုးဖွင့်လှစ်သည့် ကဘော်ချိုင့်ဝှမ်းဘဝသစ်စခန်းများတွင် အကျဉ်းသား အများအပြား နှစ်စဉ် သေဆုံးခဲ့ကြောင်း၊ အကြောင်းရင်းများမှာ ရာသီဥတုအလွန်ပြင်းထန်ခြင်း၊ အကျဉ်းသားများကို ကျွေးမွေးရန် နိုင်ငံတော်က လုံလောက်သော အသုံးစရိတ် မချပေးခြင်း၊ ဆေးဝါးလုံလောက်မှှု မရှိခြင်းတို့ဖြစ်ကြောင်း ထောင်မှူးကြီးဘဝမှ အငြိမ်းစားယူပြီး ကလေးမြို့တွင် ရှေ့နေအဖြစ် လုပ်ကိုင်နေသောဦးတင်အောင်က ပြောဆိုသည်။

“၁၉၉၁ ခုနှစ်လောက်တုန်းက ဆိုရင် အကျဉ်းဦးစီးမှာ ကုလားပဲ ဆိုတာ မရှိဘူး။ တစ်ပိသာ ၆ဝဝ ကျပ် ရတဲ့ပဲနဲ့ ဝယ်ကျွေးတာ။ အသားတစ်ပိသာကို ၄ဝဝ ကျပ် လောက်နဲ့ ရတဲ့အသား ဝယ်ကျွေးဆိုတော့ ဘယ်လိုနည်းနဲ့မှ မကျွေးနိုင်ဘူး။ အပြင်မှာ ၃ဝဝ တန်တာဆို နိုင်ငံတော်ကချပေးတာ ၁ဝဝ လောက်ပဲ ရှိတယ်၊ အဲဒီ အတွက်ကြောင့် အကျဉ်းသားတွေကို လောက်လောက်ငင မကျွေးနိုင်ဘူး။ မကျွေးနိုင်တော့ အကျဉ်းသားတွေက အင်အား ပျက်တယ် ၊ ရာသီဥတုဒဏ်ခံရတယ် ၊ ရေကောင်းကောင်းမရှိဘူး၊ ဆေးဝါးတွေ မလုံ လောက်ဘူး” ဟု  သူက  ဆိုသည်။

အင်းစိန်၊ အိုးဘို၊ မြင်းခြံ၊ ဗန်းမော်ထောင်တို့ အပါအဝင် နိုင်ငံအနံှ့ထောင်များရှိ အကျဉ်းသားတို့ကို စစ်ကိုင်းတိုင်းရှိ မုံရွာ၊ ကလေး အကျဉ်းထောင်များသို့ ဦးစွာခေါ်ဆောင်လာပြီး ထိုထောင်များမှတစ်ဆင့် ကဘော်ချိုင့်ဝှမ်း ဘဝသစ်စခန်းများသို့ ပို့ဆောင်ခဲ့သည်။

“စခန်းမှာသေတဲ့လူလည်း သေကြပေါ့။ တချို့အကျဉ်းသားတွေကိုလည်း အခြေအနေမကောင်းလို့ တို့မုံရွာထောင်ကို ပြန်ပို့လိုက်တယ်။ ပြန်လာတဲ့အကျဉ်းသားတွေ ကြည့်လိုက်တော့လည်း အရိုးနဲ့အရေပဲ ကျန်တယ်၊ တစ်ကိုယ်လုံးဝဲတွေချည်းပဲ၊ ရောက်သေပဲ။ ဒီနေ့ရောက်၊ နက်ဖန်သေပဲ” ဟု  ဦးတင်အောင်က ဆိုသည်။

၂ဝဝ၁ ခုနှစ်တွင် သူကိုယ်တိုင်သွားရောက်တာဝန်ထမ်းဆောင်ရသည့် တမူးမြို့အနီးရှိ ဆရာစံစခန်းတွင် တစ်နှစ်လျှင်အကျဉ်းသား ၃ဝဝ ခန့်သေဆုံးခဲ့ကြောင်း၊ သေဆုံးအကျဉ်းသားများကြောင့် စခန်းတွင် လူလျော့သွားလျှင် လူအင်အားထပ်မံဖြည့်ရန် မုံရွာထောင်၊ ကလေးထောင်တို့မှ အကျဉ်းသား အင်အား လှမ်းတောင်းခဲ့ရကြောင်း သူက  ဆိုသည်။

“၂ဝဝ၁ လောက်မှာကို အဲဒီဆရာစံစခန်းမှာ အကျဉ်းသားတစ်နှစ်အတွင်း ၃၅၇ ယောက် သေတယ်။ ငါကိုယ်တိုင် စာရင်းပြုစုပြီး ICRC  (ကမ္ဘာ့ကြက်ခြေနီအဖွဲ့) ကို ပေးရတော့ မှတ်မိနေတယ်။ နောက်ပိုင်း ၂ဝဝ၉ လောက်ကျတော့ အသေအပျောက် နည်းလာတယ်။

ဘာကြောင့် မသေတော့ဘူးလဲ ဆိုရင် ကျန်းမာရေး မကောင်းရင် ကလေးထောင်ပဲ ပို့ကြတာ။ စခန်းမှာ မသေတော့ဘူး။ သေချင်သေ ထောင်မှာပဲ သေတော့တယ်။ ထောင်ကလဲမနိုင်ရင် ဆေးရုံကြီးလွှဲလိုက်တာပဲ။ အဲဒီအချိန်လောက်တုန်းက ဆိုရင် ဆေးဖိုးဝါးခကလည်း ဟု က်တိပတ်တိ မရဘူး” ဟု  ဦးတင်အောင်က ဆိုသည်။

ကလေးထောင်တွင် ထောင်မှူးကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော  အငြိမ်းစား အကျဉ်းဦးစီးဌာန အရာရှိ ဦးခင်မောင်မြင့်က ၂ဝဝ၁ ခုနှစ်အတွင်း ကဘော်ဘဝသစ်စခန်းများမှ ကျမ်းမာရေး မကောင်းသဖြင့် ကလေးထောင်သို့ ရောက်ရှိလာသော အကျဉ်းသား ၆ဝဝ ခန့်အနက် ၅ဝဝ ခန့်မှာ ထောင်ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ပြောသည်။

“စခန်းကပြန်လာတဲ့အ ကျဉ်းသားတွေက အရိုးကို အရေစွပ်ထားသလိုပဲ။ BMI (ခန္ဓာကိုယ် အလေးချိန်) တအား လျော့ကျနေပြီ ဆိုတော့ သေကြတာပဲ” ဟု  သူက  ဆိုသည်။

ထိုကာလက ဝေးလံသော ရဲဘက်အကျဉ်းစခန်းများတွင် ဆရာဝန်၊ ဆေးမှူးများ မရှိခဲ့ခြင်း၊ ကဘော်ချိုင့်ဝှမ်းကဲ့သို့ ရေခံမြေခံ မကောင်းသည့် ဒေသတွင် စပါးတင်း မည်မျှထွက်ရမည်ဟု  စိုက်ပျိုးရေး စီမံကိန်းများ လျာထားချက် သတ်မှတ်ပြီး ဖိအားပေးစေခိုင်းခဲ့ခြင်း များသည်လည်း အကျဉ်းသားများ သေဆုံးရခြင်း၏ အကြောင်းရင်းများဖြစ်ကြောင်း ၂ဝ၁၄ ခုနှစ်တွင် အကျဉ်းဦးစီး ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ် အငြိမ်းစားယူခဲ့သော ဦးဇော်ထွန်းက ဆိုသည်။

“ကိုယ်တို့ရတဲ့လယ်တွေက စနယ်လယ်တွေ၊ ရေနက်ကွင်းတွေ၊ စနယ်လယ်တွေ ဆိုတာက သဲဆပ်ပြာလိုဟာ သဘောပြောရရင်ပေါ့နော်၊ ဘယ်လိုမှ မြေသြဇာ အဆီအနှစ် မရှိတဲ့ဟာတွေ။

ဒါပေမယ့် ဘာပြောထားလဲ ဆိုတော့ စပါးမထွက် လူထွက် တဲ့၊ ထောင်ပိုင် ထွက် ဒါပဲ။ ဖိအားကို ကြောက်လန့်နေအောင် ပေးထားတာပဲ။ ဒါပေမယ့် တကယ်လုပ်သလား ဆိုတော့လည်း အဲလိုလုပ်ခဲ့တာ မဟုတ်ဘူး။ စပါး မဖြစ်တဲ့နေရာ၊ တောထဲကိုအကျဉ်းသားတွေ လွှတ်ပြီး ကြိမ်ခုတ်ပြီး ရောင်းတယ်။ စပါးသိပ်မဖြစ်တဲ့ သနန်လိုစခန်းမျိုးမှာ ပဲစိုက်တယ်။ ပဲကရတဲ့ပိုက်ဆံနဲ့ စပါးပြန်ဝယ်ပြီး ထည့်ထားလိုက်တယ်။ ဝန်ကြီးဌာနအားလုံး အဲဒီအချိန်က ဒီလိုပဲ နှစ်ပေါက်တစ်ပေါက်တွေချည်း လုပ်နေကြရတာပဲ” ဟု  သူက  ဆိုသည်။

အကျဉ်းဦးစီးညွှန်ချုပ်ဟောင်း ဖြစ်ပြီး၊ နောင်တစ်ချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်ဖြစ်လာသည့် ဦးဇော်ဝင်းအား ၂ဝ၁၆ ခုနှစ်က Myanmar Now က တွေ့ဆုံမေးမြန်းခဲ့ရာတွင် ၎င်းက ကဘော်ချိုင့်ဝှမ်း အကျဉ်းဦးစီး စီမံကိန်းအကြောင်း ပြောဆိုခဲ့သည်။

“ကဘော်စခန်းတွေက ခွက်ခွက်လန်အောင် ရှှုံးတယ်။ ရေ၊ မြေ မကောင်းဘူး။ အဲဒီဒေသမှာ ရဲဘက် အကျဉ်းသားတွေကလည်း ဒေသခံမဟုတ်တော့ ဒေသဒဏ်ကို မခံနိုင်ဘူး။ အဲဒီတော့ သောက်သောက်လဲ သေခဲ့တာ အမှန်ပဲ” ဟု  သူက  ဆိုသည်။

ဖားစိမ်း စားကြတယ်

ကဘော်ဘဝသစ်စခန်းများတွင် အမြောက်အမြားသေဆုံးနေချိန်တွင် ကံမကောင်း အကြောင်းမလှဘဲ ထိုစခန်းတစ်ခုသို့ရောက်ရှိခဲ့သော မန္တလေးမြို့မှ အကျဉ်းသားတစ်ဦးမှာ ကိုရဲထွန်းဖြစ်သည်။

၁၉၉၉  ခုနှစ် အသက် ၃ဝ အရွယ်တွင် သူသည် လျှပ်စစ်မီတာပုံး အရောင်းအဝယ်လုပ်ရာမှ အစိုးရလျှပ်စစ်ဌာနက သူ့အား ဝတ္တရားနှောက်ယှက်မှှုဖြင့် တရားစွဲသဖြင့် ထောင် ၆ လကျခဲ့သူဖြစ်သည်။ ထောင်ကျပြီး မကြာမီ မန္တလေးထောင်၊ မုံရွာထောင်တို့မှတစ်ဆင့် ကလေးမြို့နှင့် မိုင်အနည်းငယ်မျှသာ ဝေးသော ရာဇဂြိုဟ် (၂) စခန်းသို့ သူရောက်ရှိသွားသည်။

သူရောက်သွားချိန်သည် ခိုက်ခိုက်တုန်အောင် အေးသော ဒီဇင်ဘာလဖြစ်သည်။ အကျဉ်းသား ၁ဝ ဦးပါသော အစုတစ်စုက တောင်ပေါ်တက်၍ ထောင်စခန်းအတွက်  နေ့စဉ် ထင်း တန်နှင့်ချီ ခုတ်ရကြောင်း၊ သတ်မှတ်ချက်အတိုင်း မပြည့်လျှင် ရိုက်နှက်နှိပ်စက်ခံရကြောင်း သူက  ဆိုသည်။

“ထင်း ၅ တန်ဆို ၅ တန် ခုတ်ရတယ်၊ စခန်းမီးဖိုဖို့အတွက်။ မရရင်ကျောက်လမ်းပေါ်မှာ ရိုက်ခံရတယ်။ ရောက်ခါစာက အချက် ၂ဝ ၊ ၃ဝ လောက် ရိုက်ခံရတယ်။ မဝရေစာစားရတယ်။ ခု ထမင်းဆိုင်တွေမှာ ကျွေးတဲ့ လိုက်ပွဲသာသာပဲ။ ဘယ်လိုလုပ်ဝမလဲ” ဟု  သူက  ဆိုသည်။

နှစ်စဉ်အကျဉ်းသား ၂ဝဝ မှ ၃ဝဝ ခန့် ရှိသည့် ကလေးတမူးလမ်းမကြီးအနီးရှိ ထိုစခန်းသည် သစ်မာပင်ကြီးများနှင့် ညို့မှှိုင်းနေသည့် တောင်တန်းများအောက်တွင်တည်ရှိသည်။ စခန်းပတ်ပတ်လည်တွင် အစိမ်းရောင် စိုက်ခင်းများ၊  အဝါရောင်တောက်နေသော ရွှံ့မြေများနှင့်အတိပြီးသည့် လယ်ကွင်းကျယ်ကြီးများ ရှိသည်။

ထိုစခန်းတွင် နေ့စဉ်အကျဉ်းသားများ အစာရေစာမဝခြင်းကြောင့် လည်းကောင်း၊ ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့်လည်းကောင်း သေဆုံးနေသည်ကို ကိုရဲထွန်း တွေ့မြင်ခဲ့ရသည်။ 

ထိုအခြေအနေမှ လွတ်မြောက်လိုပါက မိသားစုနှင့်ဆက်သွယ်ပြီး ထောင်အာဏာပိုင်များကို ပိုက်ဆံပေးကာ စခန်းမှ အလွယ်တကူလွတ်မြောက်နိုင်ကြောင်း၊ သို့ရာတွင် သူ့အဖို့မူ မိသားစုနှင့်အဆက်အသွယ်မရသဖြင့် ထင်းခုတ်သည့်အလုပ်ကို လုပ်ကိုင်ရကြောင်း သူက  ဆိုသည်။

စခန်းသို့သူရောက်ပြီး မကြာမီ ကလေးမြို့ရှိစစ်တပ်မှအရာရှိတစ်ဦး၏ကား လမ်းတွင်ပျက်နေရာ ထောင်ကစေခိုင်းသဖြင့်  သွားရောက်၍ ပြုပြင်ပေးခဲ့ရသည်။ ကားကောင်းသွားသဖြင့် ထိုအရာရှိက ထောင်ပိုင်အား ကိုရဲထွန်းကို ထောင်တွင် ကောင်းမွန်စွာ စောင့်ရှောက်ပေးပါရန် မေတ္တာရပ်ခံပေးခဲ့သည်။ အကျဉ်းစခန်းတွင် အသေအပျောက်များ ဖြစ်ပေါ်နေသည်ကို သိ၍ ထိုစစ်တပ်အရာရှိက သူ့အား နှှုတ်ဖြင့် ကယ်ဆယ်လိုက်ခြင်းဟု  ကိုရဲထွန်း မှတ်ယူလိုက်သည်။

သူသည် ထောင်ဘူးဝတွင်  စည်းကမ်းထိန်းဆိုသည့် ရာထူး ရရှိခဲ့သည်။ သူလွတ်မြောက်သည်အထိ စခန်းတွင် ထိုရာထူးဖြင့် နေခဲ့ရသည်။ ထောင်ဘူးဝတွင် သူလုပ်ရသည့် အလုပ်တစ်ခုမှာ သေဆုံး အကျဉ်းသားစာရင်း နေ့စဉ် ပြုစုပေးရခြင်းဖြစ်သည်။

“အနည်းဆုံး လူ ၅ဝ၊ ၆ဝ လောက်သေသွားရင် အင်အားဖြည့်ဖို့ ထောင်တွေကနေပြီး ထပ်တောင်းရတယ်။ အလောင်းတွေကို လမ်းဘေးမှာပဲ မြှုပ်ပစ်တယ်။ ရိုက်နှက်တာကြောင့်ဒဏ်ဖြစ်တာရော၊ ရာသီဥတုဒဏ်ရော။ အစာမဝတာရော။ ဆိုးချက်က အနွေးဓာတ်ကိုမရတာ။ ဘယ်လောက်ခြုံခြုံမရဘူး။ ဒီနေ့လို ဂိသွားပြီဆို၊ နက်ဖန်သေပြီ။ ရုတ်တရက်သေတာက စိတ်ကျတာကောလည်းပါမယ်။ မသေတဲ့နေ့ဆို ၂ ယောက်၊ ၃ ယောက်ပဲ” ဟု  သူက  ဆိုသည်။

သတ်မှတ်စပါးတင်းပမာဏ ပြည့်မီရန် ထောင်ပိုင်က အကျဉ်းသားတို့ကို ဆလိုက်မီးကြီးများ ထိုးထားသည့် လယ်ကွက်များတွင် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ အလုပ်ခိုင်းကြောင်း၊ စည်းကမ်းထိန်းတာဝန် ယူထားသူ အကျဉ်းသားတို့က အလုပ်ပြီးမြောက်စေရန် အခြားအကျဉ်းသားများကို ရိုက်နှက်၍ ခိုင်းစေခဲ့ကြောင်း သူက  ဆိုသည်။

“စပါးစိုက်ရတယ်၊ ပဲစင်းငုံစိုက်ရတယ်။ ရေဝါတွေကိုချိုးရတယ်။ သောက်တာက တောင်ကျရေကို ကျိုသောက်တယ်။ ရေငတ်တော့ အစိမ်းအတိုင်းသောက်ကြတာပဲ။  သေတဲ့သူအတော်များများက အဲဒီမှာလုပ်တဲ့သူတွေပဲ။ အဲဒီက တာလပေါ့အရွက်ရှည်တွေကို ဟင်းချိုရည်ကျဲ လုပ်ပြီး တိုက်တယ်။ ငါးပိစိမ်းတောင်မှ ဆီးဖြူသီးတစ်လုံးစာလောက်ပဲ ရတယ်။ မသေချင်လို့ ထွက်ပြေးလည်း တောတောင်ထဲမှာ အစာရေစာပြတ်သေတာပဲ။ အနားက ရွာက လူတွေက ထွက်ပြေးပြီး သေနေတဲ့လူတွေ့ရင် ထောင်ကိုလာ သတင်းပို့တယ်” ဟု  သူက  ဆိုသည်။

ကိုရဲထွန်းအကျဉ်းကျနေသော ရာဇဂြိုဟ် (၂) ဘဝသစ်စခန်းနှင့် မလှမ်းမကမ်းတွင် ရာဇဂြိုဟ်ဟု အမည်ရသော၊  လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးသော ရွာကြီးတစ်ရွာရှိသည်။

ထိုရွာ၏ အုပ်ချုပ်ရေးမှူးအဖြစ် ၁၉၉၉ မှ ၂ဝဝ၃ အထိ လုပ်ကိုင်ခဲ့သူ အသက် ၇ဝ အရွယ် ဦးစံဗလက  အကျဉ်းသားများသေဆုံးလျှင် အသိသက်သေအဖြစ် လက်မှတ်ထိုးပေးခဲ့ရကြောင်း ပြောဆိုသည်။

“၁၉၉၉ တစ်နှစ်လုံးမသေတဲ့နေ့ တစ်နေ့မှ မရှိဘူး၊ ခြောက်လောင်းထက် မနည်းဘူး။ ဘာကြောင့်သေတယ် ဆိုတာတော့ ဝမ်းလျှောသေတယ်၊ ဖျားနာပြီးသေတယ်၊ ဝမ်းကိုက်သေတယ်။ ဒါတွေနဲ့ အကြောင်းပြတာပါပဲ။ ရိုက်နှက်နှိပ်စက်ပြီးသေတာပဲ များတယ်။ ရှေ့မှာတန်းစီပြီးတာ့မှ ခိုင်းတယ်။ ကောက်ပင်စိုက်ခိုင်းတယ်။ ကောက်ပင်စိုက်ခိုင်း လို့ အကျဉ်းသားကနောက်ကျနေရင် တုတ်အကြီးကြီးနဲ့ ဖောင်းဆိုနှစ်ဖက်ပိတ်ရိုက်တာပဲ” ဟု  သူက  ဆိုသည်။

သူက  Myanmar Now သတင်းထောက်များကို မြက်ပင်ရှည်ကြီးများဖုံးလွှမ်းနေသော ရွာအနောက်ဘက်သို့ ခေါ်ဆောင်ပြီး အကျဉ်းသားတို့၏ ရုပ်အလောင်းများ မြှုပ်နှံခဲ့သည်ဆိုသည့် နေရာကို လိုက်လံ ပြသခဲ့သည်။

“အဲဒီတုန်းက တာဝန်ကျနေတဲ့ ထောင်ပိုင်ကြီးက ခပ်ကြမ်းကြမ်းဆက်ဆံတယ်။ ဝမ်းလျှော၊ ဝမ်းကိုက်လို့သေတယ်ဆိုတာ မှန်ကန်ကြောင်း လတ်မှတ်ထိုးထိုးပေးရတာ။ ကျွန်တော်တု့ိရွာမှာ ဒီလောက်ထိတော့မဖြစ်ဘူး လို့ ပြောတော့ သူတို့ကတော့ ထုံးစံအတိုင်းပဲတဲ့။ တစ်နှစ်ကျော်လောက်ရှိမယ်။ တစ်နေ့ကို နှစ်လောင်း၊ သုံးလောင်း၊ အများဆုံးခြောက်လောင်းထိ ရှိခဲ့တယ်” ဟု သူက  ဆိုသည်။

အကျဉ်းစခန်းတွင် အကျဉ်းသားများငတ်နေသည်ကို သိရသဖြင့် တောင်သူအလုပ်ဖြင့် အသက်မွေးကြသော ရွာရှိရွာသားများက စုစည်းပြီး ထမင်းဟင်းချက်ပြုတ်ကာ စခန်းရှိရာပို့ဆောင်ခဲ့ရကြောင်း၊ ထွက်ပြေးလာသည့် အကျဉ်းသားများအား ကျွေးမွေး၊ ခရီးစရိတ်ပေးကာ ကူညီခဲ့ရသည်လည်း ရှိကြောင်း ဦးစံဗလက ဝမ်းနည်းကြေကွဲစွာ ပြောဆိုသည်။

အစာရေစာ ဝလင်စွာ မစားရဘဲ အလုပ်လုပ်ရသောကြောင့် လယ်ကွင်းအတွင်း တွေ့ရှိသည့် အကောင်ငယ်များကိုပင် အစိမ်း စားသောက်ကြသည်ဟု  သူက ပြောဆိုသည်။

“စပါးကွင်းထဲမှာ အလုပ်လုပ်နေရင်း အကျဉ်းသားတချို့က ဖားအစိမ်းမြင်ရင် ဒီအတိုင်း ကောက်စားကြတယ်။ စားတာမြင်ရင်လည်း (အကျဉ်းသားတွေ) ရိုက်ခံရတာပဲ။ ကျွန်တော်တို့ဆို အဲဒီစခန်းဖက်ကို မသွားမိအောင် နေကြရတယ်။ တကယ့်ကို စိတ်ထိခိုက်စရာပဲ” ဟု သူက  ဆိုသည်။

စားဝတ်နေရေးနှင့် အခြား အထွေထွေ လိုအပ်မှှုများကြောင့် အကျဉ်းသားတို့ သေဆုံးကြသည်ကို အကျဉ်းဦးစီးအရာရှိဟောင်းများက ထုတ်ဖော်ပြောဆိုသော်လည်း  ရိုက်နှက်နှိပ်စက်ခံရမှှုကြောင့် သေသည်ဆိုသောအချက်ကိုမူ အများစုကသဘောမတူကြ။

ထောင်မှူးကြီးဟောင်း ဦးတင်အောင်ကမူ ရိုက်နှက်ခံရမှှုကြောင့် အကျဉ်းသားအချို့သူ့ရှေ့တွင်ပင် သေခဲ့သည်ဟု ဆိုသည်။

ဆရာစံ စခန်းတွင် သူတာဝန်ထမ်းဆောင်နေချိန်က အကျဉ်းသား ၈ ဦး ထွက်ပြေးသွားကြောင်း၊ ပြန်ဖမ်းမိသည့် ၄ ဦးမှာ ရိုက်နှက်ခံရပြီး သေဆုံးခဲ့ကြောင်း သူက  ဆိုသည်။

“ဖမ်းခံရပြီး ရိုက်နှက်ထားတဲ့ ဒဏ်ကလည်း များတယ်။ သံခြေကျင်း နှစ်ကွင်းစီကလည်း ခတ်ထားသေးတယ်။ ပြီးတော့  အလုပ်လည်း ခိုင်းတော့ မလုပ်နိုင်ဘူး။ အလုပ်မလုပ်နိုင်တဲ့အခါကြတော့ ထပ်ရိုက်ကြတယ်။ သူတို့က ပြောတယ် ‘ကျွန်တော်တို့ကို သတ်ရင်လည်း  သတ်လိုက်ပါတော့၊ ကျွန်တော်တို့ မလုပ်နိုင်တော့ပါဘူး’ ဆိုတော့ ကိုယ့်မှာ စိတ်မကောင်းဘူး။ အနားပေးပိုင်ခွင့် ရှိတဲ့သူလည်း မဟုတ်ဘူး။ ငါ့တပ်ခွဲလည်း မဟုတ်တော့ ဒီအတိုင်းပဲ မြင်ပဲမြင်နေရတာလေ။ အနားပေးသင့်တယ်။ ဒါပေမယ့် အနားမပေးတော့ ငါလည်း ဘာမှ မတတ်နိုင်ခဲ့ဘူး၊ ထောင်ပိုင်အပေါ် မူတည်တာပေါ့နော်” ဟု သူက  ဆိုသည်။

အနေအထိုင်မှား၍သေခြင်း

၂ဝဝ၉  ခန့်သို့ ရောက်သောအခါ ကဘော်ချိုင့်ဝှမ်း ဘဝသစ်စခန်းများတွင် အကျဉ်းသား သေဆုံးနှှုန်း လျော့ကျလာသည်ဟု ထောင်အငြိမ်းစားအရာရှိများက ဆိုသည်။

အကျဉ်းသားများအတွက် ရိက္ခာရန်ပုံငွေကို အစိုးရက တိုးမြှင့်ချထားပေးခြင်း၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့က အကျဉ်းသားတို့၏ လိုအပ်ချက်များကို ဝင်ရောက်ဖြည့်ဆည်းပေးခြင်း၊ ထိုကာလများတွင် အကျဉ်းဦးစီးဌာန အကြီးအကဲတို့ကလည်း ဌာနကရရှိသည့်ရန်ပုံငွေများဖြင့် အကျဉ်းသားများဝလင်စွာစားသောက်နိုင်ရန်  အသေးစိတ် ညွှန်ကြား စီမံခြင်းတို့ကြောင့် သေနှုန်းကျခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

သေဆုံးရန်အလားအလာရှိသော အကျဉ်းသားဆိုလျှင် ထောင် သို့မဟုတ်  အစိုးရဆေးရုံများသို့ ပို့ဆောင်လိုက်ခြင်းသည်လည်း  စခန်းတွင်းသေဆုံးနှှုန်းကို လျော့ပါးအောင် ထိန်းချုပ်သည့် နည်းတစ်ခု ဖြစ်လာသည်။

၁၉၇၈ မှ ၂ဝ၁၄ ထိ အကျဉ်းသားလုပ်အားဖြင့်လည်ပတ်သော ကျောက်ထုတ်ရေးစခန်းများ နှင့် စိုက်ပျိုးရေး ရဲဘက်စခန်းများတွင် စုစုပေါင်း အကျဉ်းသား ၄၁၈၇ ဦး သေဆုံးခဲ့ပြီး တစ်နှစ်လျှင်ပျမ်းမျှ ၁၆၁ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုဝန်ကြီးက ပြည်သူ့လွှတ်တော်၏ ၂ဝ၁၄ ခုနှစ် အစည်းအဝေးတစ်ခုတွင် ပြောဆိုခဲ့သည်။

ရိုက်နှက်နှိပ်စက်ခံရမှှု၊ ဆေးဝါးကုသခွင့်မရမှှုနှင့် အစာရေစာမဝမှှုတို့ကြောင့် မဟုတ်ဘဲ “စခန်းများသို့ ရောက်ရှိပြီး ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျော ညီထွေစွာ မနေထိုင်နိုင်ခြင်း၊ အစားအသောက် အနေအထိုင် လွဲမှားခြင်း၊ မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်း” စသည့်အကြောင်း များကြောင့် သေဆုံးခြင်း ဖြစ်သည်ဟု  သူက  လွှတ်တော်တွင် ပြောဆိုခဲ့သည်။

၁၉၈၈ မှ ယခုအချိန်ထိ ရဲဘက်စခန်းတစ်ခုချင်းအလိုက် သေဆုံးခဲ့သော အကျဉ်းသားစာရင်း အသေးစိတ်၊  သေဆုံးအကျဉ်းသားတို့၏ အမည်များ ရရှိရန် Myanmar Now က အကျဉ်းဦးစီးဌာနအား အကြိမ်ကြိမ်စာရေးသားခြင်း၊ ဖုံးဖြင့် ဆက်သွယ်မေးမြန်းခြင်း၊ လူကိုယ်တိုင်သွားရောက် မေးမြန်းခြင်းများ ပြုလုပ်ပြီး တောင်းခံခဲ့သော်လည်း ထိုအချက်အလက်များ ပေးခွင့်မရှိကြောင်းသာ တုံ့ပြန်မှှု ရရှိခဲ့သည်။

ကဘော်စခန်းများနှင့်ပတ်သက်၍ တရားဝင်အချက်အလက်များ မပေးသော်လည်း ထိုကဲ့သို့ သေဆုံးခဲ့ရမှှုများသည် အစစအရာရာ မပြည့်စုံခဲ့မှှုများကြောင့်ဖြစ်ကြောင်း၊ စခန်းစိုက်ခင်းများအတွင်း ထည်ထိုး၊ လယ်ထွန်ရာတွင် လူကိုပါ ကျွဲနွားများ နေရာတွင် အသုံးပြုခဲ့ရကြောင်း အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ဝန်ခံသည်။

“ဝန်ထမ်း၊ ရဲဘက်၊ ဆေးဝါး မပြည့်စုံခဲ့ဘူး။ ကလေးမြို့ဆို တိုက်နယ်ဆေးရုံပဲ ရှိခဲ့တာ။ အဲဒီတုန်းကတော့ ခိုင်းထားတဲ့ လျာထားချက်တွေအတိုင်း လုပ်ရတာ။ အခု အဲဒီလိုလျာထားချက် ဆိုတာလည်း မရှိတော့ပါဘူး” ဟု  သူက  ဆိုသည်။

လူ့အခွင့်ရေးချိုးဖောက်မှှုများ

ရာဇဂြိုဟ် (၂) နှင့် အခြားသော ကဘော်ချိုင်းဝှမ်းဘဝသစ်စခန်းများမှ လွတ်မြောက်လာသော အကျဉ်းသားအချို့အား Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် အကျဉ်းသားသေဆုံးမှှုများ မရှိသလောက် ဖြစ်သွားပြီးဖြစ်သော်လည်း၊ အကျဉ်းသားများသည် ငွေကြေးတတ်နိုင်ပြီး ရာထူး ရရှိထားသည့် အကျဉ်းသားအရာရှိတို့၏ ရိုက်နှက်ခိုင်းစေမှှုများကို ခံနေရဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

ရာဇဂြိုဟ် (၂) အကျဉ်းစခန်းအနီး လယ်ကွင်းများ၊ မြက်ရိုင်းတောများထဲတွင်   တုတ်ကိုင် အကျဉ်းသားအရာရှိများ၊ သေနတ်ကိုင် အကျဉ်းဦးစီးဝန်ထမ်းများ၏ စောင့်ကြည့်မှု အောက်တွင်  မွဲညစ်ညစ် အပြာရောင် ထောင်ဝတ်စုံ ဝတ်ဆင်ပြီး ပေါက်တူးကိုင်၊ ဂေါ်ပြားကိုင် အလုပ်လုပ်နေသော အကျဉ်းသားများသည် ဒုတိယကမ္ဘာစစ်အတွင်းက ဖက်စစ်ဂျပန်တို့၏ ဖမ်းဆီးခြင်းခံရပြီးနောက် သေမင်းတမန်ရထားလမ်း ဖောက်လုပ်ရသော စစ်သုံ့ပန်းများနှင့် ဆင်တူလှသည်။

တစ်နိုင်ငံလုံးတွင် ကျောက်ထုတ်အကျဉ်းစခန်း ၁၈ ခု၊ စိုက်ပျိုးရေးအကျဉ်းစခန်း ၃ဝ ရှိရာ ၎င်းစခန်းများတွင် အကျဉ်းသားများ သောင်းနှင့်ချီ၍ အလုပ်လုပ်နေကြရသည်။ ယခင်ကထက် စားသောက်နေထိုင်ရမှှု အခြေအနေများ တိုးတက်လာသော်လည်း ရိုက်နှက်ခံရမှှု၊ ထောင်အရာရှိများက အကျဉ်းသား၏လုပ်အားကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ နေ့စား ပုတ်ပြတ်နှုန်းဖြင့် ရောင်းစားခြင်းများလည်း စခန်းအချို့တွင် ဆက်လက် ဖြစ်ပေါ်နေကြောင်း Myanmar Now က ငရဲဘုံအလား အကျဉ်းစခန်းများ အမည်ဖြင့် ၂၀၁၆ တွင် ဆောင်းပါးရေးသားခဲ့သည်။ တည်ဆဲ အကျဉ်းထောင်လက်စွဲဥပဒေ နှင့် မြန်မာနိုင်ငံက တရားဝင်လက်မှတ်ထိုးထားသော နိုင်ငံတကာအလုပ်သမား အက်ဥပဒေများကို ချိုးဖောက်ပြီး အကျဉ်းသားလုပ်အားကို အသုံးပြုကာ စီးပွားဖြစ် လုပ်ငန်းမျိုးစုံကို အကျဉ်းဦးစီးဌာနက ဆက်လက်လုပ်ကိုင်နေခြင်းနှင့် ပတ်သက်ပြီး   မေလ အမျိုးသားလွှတ်တော်အစည်းအဝေးတစ်ခုတွင် လွှတ်တော်ကိုယ်စားလှယ်အမတ် ဦးခွန်ဝင်းသောင်းက ပြည်ထဲရေးဝန်ကြီးဌာနကိုမေးခွန်းထုတ်ခဲ့သည်။

ထို့ပြင်အကျဉ်းသားများအား ခိုင်းစေရာတွင် တရားရုံးကချမှတ်လိုက်သော တရားမမှှုအကျဉ်းသားများကို အလုပ်မဲ့ထောင်ဒဏ်၊ ရာဇဝတ်အကျဉ်းသားများကို အလုပ်နှင့် ထောင်ဒဏ် သို့မဟုတ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဟူသော သတ်မှတ်ချက်များကို တည်ဆဲ အကျဉ်းထောင်လက်စွဲနှင့် အညီ အကောင်အထည် ဖော်ရမည် ဖြစ်သော်လည်း ထိုအချက်များကို လုံးဝမလိုက်နာဘဲ အကျဉ်းသားတို့ကို  ထောင်အာဏာပိုင်များ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များနှင့်သာ ခိုင်းစေနေသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သည့်နိုင်ငံသားကိုမှ လူ့ဂုဏ်သိက္ခာ ကင်းမဲ့စေသည့် အပြစ်ပေးမှှုမျိုး မလုပ်ရဟု  သတ်မှတ်ထားသော်လည်း အသက်အန္တရာယ်ဖြစ်စေသော ကျောက်မိုင်းများတွင် အကျဉ်းသားကို ခိုင်းစေခြင်းကြောင့် အသက်ဆုံးရှုံးမှှုများ၊ အပြင်းအထန် ထိခိုက်ဒဏ်ရာရမှှုများလည်း ဆက်လက် ဖြစ်ပေါ်နေသည်။

မူးယစ်ဆေး (၁) ပြားမိ၍ မူးယစ်ပုဒ်မ ၁၆ (ဂ) ဖြင့် ထောင် (၆) နှစ်ကျနေသော အကျဉ်းသား ကိုမျိုးနိုင်သည် ၂ဝ၁၇ ခုနှစ် ဇွန်လအတွင်း ကရင်ပြည်နယ်၊ မာလာဖူး ကျောက်ထုတ်စခန်းတွင်  ကျောက်တုံး ပြုတ်ကျမှှုကြောင့် ဦးခေါင်းခွံကြေမွသွားကာ ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ် ကုသမှှု ခံယူခဲ့ရသည်။

လွန်ခဲ့သည်နှစ် သြဂုတ်လမှာပင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် အင်းဗြောင်ကျောက်ထုတ်စခန်းတွင် အကျဉ်းသားတစ်ဦး ကျောက်တုံးပိသဖြင့် ခန္ဓာကိုယ်အောက်ပိုင်း အရိုးနှင့်အသားများ ကြေမွသွားသည့် ဖြစ်စဉ်ကို တာဝန်ရှိသူထောင်ပိုင်က အထက်အာဏာပိုင်များသို့ အသိမပေးဘဲ ထိမ်ချိန်ထားခဲ့မှှုကြောင့် ထိုကိစ္စအား အရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနထံ အကြောင်းကြားခဲ့ရသည်။

ယခုနှစ်ဆန်းပိုင်းတွင် ထိုအကျဉ်းစခန်းမှာပင် အကျဉ်းသားတစ်ဦး ကျောက်တောင်ပေါ်မှပြုတ်ကျ၍ သေဆုံးခဲ့သောကြောင့် စခန်းရှိအကျဉ်းသား ၂ဝဝ ခန့်က စခန်းပိတ်ပြီးသူတို့အားထောင်ပြန်ပို့ရန် အော်ဟစ်တောင်းဆိုခဲ့သည်။

ထိုကဲ့သို့ တောင်းဆိုအော်ဟစ်သည့် အကျဉ်းသားများကို အကျဉ်းဦးစီးဌာနက မည်သို့ ကိုင်တွယ်လိုက်သည်ကိုမူ ရှင်းလင်းစွာ မသိရှိရပေ။

အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက ပထမဖြစ်စဉ်တွင် တာဝန်ရှိသော ထောင်ပိုင်ကို အခြားစခန်းတစ်ခုသို့ ပြောင်းရွှေ့စေခဲ့ပြီး၊ ဒုတိယဖြစ်စဉ်အတွက်မူ ထောင်ပိုင်ကို အရေးယူထားခြင်း မရှိကြောင်း ဖြေကြားသည်။      ။

 

Mizzima Weekly