အာဆင်နယ်အသင်းရဲ့ ရှယ်ယာပိုင်ဆိုင်မှု အလုံးစုံကို ထိန်းချုပ်ခွင့်ရသွားပြီဖြစ်တဲ့ အမေရိကန် စီးပွားရေးလုပ်ငန်ရှင် ခရွန်ကီ

အာဆင်နယ်အသင်းရဲ့ ရှယ်ယာပိုင်ဆိုင်မှု အလုံးစုံကို ထိန်းချုပ်ခွင့်ရသွားပြီဖြစ်တဲ့ အမေရိကန် စီးပွားရေးလုပ်ငန်ရှင် ခရွန်ကီ
(ဓာတ်ပုံ - အီးပီအေ)

အမေရိကန် စီးပွားရေးလုပ်ငန်ရှင် ခရွန်ကီဟာ အာဆင်နယ်အသင်းရဲ့ ရှယ်ယာ အလုံးစုံထိန်းချုပ်နိုင်ဖို့အတွက် လက်ကျန်ရှယ်ယာအားလုံးကို ပေါင်သန်း ၅၀၀ ကျော် အသုံးပြုသွားမှာဖြစ်ပါတယ်။ အသင်းရဲ့ အစုရှယ်ယာ အနည်းစု ပိုင်ဆိုင်ထားတဲ့ အူစမန်နော့ဗ်က ပေါင်သန်း ၅၅၀ နဲ့ ကမ်းလှမ်းမှုကို အင်္ဂါနေ့က လက်ခံလိုက်အပြီး ခရွန်ကီဟာ အသင်းရဲ့ ရှယ်ယာ အလုံးစုံကို အပြည့်အဝ ထိန်းချုပ်ခွင့်ရရှိသွားတာဖြစ်ပါတယ်။

ရုရှားဘီလျံနာ အူစမန်နော့ဗ်က သူ့ရဲ့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ခရွန်ကီဆီ ပြန်လည်ရောင်းချနေတယ်လို့ အင်္ဂါနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် အာဆင်နယ်အသင်းရဲ့ ကလပ်တန်ကြေးဟာ ပေါင် ၁.၈ ဘီလီယံအထိ ရှိလာပြီဖြစ်ပါတယ်။

“အာဆင်နယ်ဘောလုံးအသင်းကို ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်ဖို့ ကလပ်အသင်းမှာ ရင်းနှီးမြှပ်နှံထားတဲ့ ကျနော့်ရဲ့ ရှယ်ယာတွေကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာဆင်နယ်အသင်း အောင်မြင်မှုတွေ ရယူနိုင်ပြီး အသင်းမှာ ကစားနေကြတဲ့ သူတွေကော၊ အလုပ်လုပ်နေတဲ့ သူတွေကော အကောင်းဆုံးတွေပဲဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။”လို့ အူစမန်နော့ဗ်က ပြောပါတယ်။

အဲဒီနောက်မှာတော့ လက်ရှိမှာ ဂန်းနားတို့ရဲ့ ရှယ်ယာ ၆၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ ခရွန်ကီကလည်း ကလပ်အသင်းရဲ့ ပိုင်ဆိုင်မှု အပြည့်အဝကို ဝယ်ယူသွားမယ်လို့ ကြေညာခဲ့ပါတယ်။

NFL မှာ Los Angeles Rams အသင်းရဲ့ ပိုင်ရှင်လည်းဖြစ်တဲ့ ခရွန်ကီက တစ်ဦးတည်း ပိုင်ဆိုင်မှုဟာ ကလပ်အသင်းအတွက် အကျိုးဖြစ်ထွန်းစေတယ်လို့ ပြောပေမယ့် အသင်းပရိသတ်တွေကတော့ ဒါက “ကြောက်ရွှံစရာကောင်းတဲ့ နေ့တစ်နေ့” ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါ့ကြောင့် အများပိုင် အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းကို ပထမဆုံးအကြိမ်အဖြစ် အမေရိကန် စီးပွားရေးလုပ်ငန်ရှင် ခရွန်ကီက အလုံးစုံ ချုပ်ကိုင်တော့မှာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ မကြာသေးမီ နှစ်တွေအတွင်းက ဖလား အောင်မြင်မှုရရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်အသင်းရဲ့ နောက်အထိ ကျဆင်းခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အောင်မြင်မှု မရရှိခဲ့ပါဘူး။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ၂၀၀၄ ခုနှစ်က နောက်ဆုံးရရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ချန်ပီယံမန်စီးတီးအသင်းရဲ့ နောက် ၃၇ မှတ်အကွာ အဆင့် ၆ မှာသာ ရပ်တည်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly