သဘာဝရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း (ANRPC)သို့ ၀င်ရောက်ရန် လွှတ်တော် အတည်ပြုပေး

သဘာဝရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း (ANRPC)သို့ ၀င်ရောက်ရန် လွှတ်တော် အတည်ပြုပေး
(ဓာတ်ပုံ - နွန်နွန်(မွန်မြေ))

နေပြည်တော်၊ သြဂုတ်လ ၈ ။         ။ သဘာဝရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်းသို့ မြန်မာနိုင်ငံမှ ဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေး ကန်ဒေါ်လာ ၉ ထောင်ကျော် ထည့်ဝင်နိုင်ရေးကို သြဂုတ်လ ၇ ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်မည့်သူမရှိ အတည်ပြုခဲ့သည်။

အထက်ပါ ကိစ္စနှင့်ပတ်သတ်ပြီး အစည်းအဝေးတွင် ကိုယ်စားလှယ် ၁၈ ဦးက အကြံပြု ဆွေးနွေးခဲ့ကြပြီး မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်းက ဆွေးနွေးခဲ့ရာတွင် “ဒီအသင်းထဲက အဖွဲ့ဝင် ၁၂နိုင်ငံရဲ့ ရာဘာထုတ်လုပ်မှုဟာ တစ်ကမ္ဘာလုံးရဲ့ ၉၀ ရာခိုင်နှုန်းရှိတာမို့ မြန်မာနိုင်ငံအနေနဲ့ ဒီအသင်းထဲ ပါဝင်လိုက်ခြင်းအားဖြင့် ခေတ်နောက်ကျနေတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ ရာဘာစိုက်ပျိုး ထုတ်လုပ်ရောင်းချမှု စနစ်အားလုံးဟာ ကမ္ဘာနဲ့ ချိတ်ဆက်မိသွားမယ်လို့ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း အဆိုပါ သဘာ၀ ရော်ဘာထုတ်လုပ်သော နိုင်ငံများ အသင်းသို့ဝင်ရောက်လိုက်ခြင်းသည် တစ်နိုင်ငံတည်း စမ်းတဝါးဝါးသွားနေခြင်းထက် အကျိုးများပိုမိုရရှိမှာ ဖြစ်တယ်လို့လည်း ၎င်းကဆိုသည်။

“ထိုင်းရဲ့ အစေးလှီးဧရိယာ ၁၀ ပုံ ၁ ပုံတောင် ကျော်ရှိတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကြည့်ရင် ရာဘာတောင်သူတွေကို အစိုးရက ကူတာမရှိသလောက်ပါပဲ။ စပါးနဲ့ ပဲတို့လို သီးနှံ ထုတ်လုပ်မှုအတွက် ကျပ်ဘီလျံထောင်ချီ ကူညီခဲ့လို့ ၂၀၁၇-၁၈ ဆနတင်ပို့မှုကနေ ဒေါ်လာ သန်း၇၀၀ကျော် ရခဲ့ပြီး စံချိန်သစ်တင်ခဲ့ပါတယ်။ ဒါပေမယ့် အစိုးရက သတိမပြုမိတာက ဘာမှ လောက်လောက်လားလား မကူညီခဲ့တဲ့ရာဘာကနေ နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၂၇၂သန်း နီးပါးရှိပါတယ်”ဟု လည်း ဦးမျိုးဝင်းက ထောက်ပြပြောဆိုခဲ့သည်။

သြဂုတ်လ ၇ ရက် ဆွေးနွေးအကြံပြုခဲ့ကြသည့် ကိုယ်စားလှယ် ၁၇ ဦးအပြီးတွင် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှကျော်ကလည်း အဆိုပါ Association of Natural Rubber Producing Countries(ANRPC) သို့ ဝင်ရောက်ရခြင်းအကြောင်းအရာနှင့်ပတ်သတ်ပြီး အစည်းအဝေးတွင်း ဆက်လက်ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းများ တည်ရှိနေပြီး ဖြစ်သည့်အတွက် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုများအတွက် ထိုအသင်းတွင်ပါဝင်သောနိုင်ငံများ၏ ကောင်းမွန်သောမူဝါဒ အစီစဉ်များကို လေ့လာခွင့်ရရှိမှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကိုရရှိမှာဖြစ်တယ်ဟု ဒုဝန်ကြီးဦးလှကျော်ကပြောကြားသည်။

“အထူးသဖြင့်လိုအပ်ချက်ရှိနေဆဲဖြစ်တဲ့  ရော်ဘာခြံရှင်ငယ်များရဲ့ ရော်ဘာလုပ်ငန်းမှာ နည်းပညာ၊ မျိုး၊ သုေတေသန နဲ့ ဈေးကွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖွံ့ဖြိုးတိုးတက်ရေးကို  ယခုထက် ပိုမိုဆောင်ရွက်လာနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းကပြောကြားသည်။

အဆိုပါအသင်းသို့ နှစ်စဉ် ဝင်ကြေးအဖြစ် ဒေါ်လာ ၉၇၄၅ ဒေါ်လာ ထည့်ဝင်ရမည်ဖြစ်ပြီး၊ အစိုးရများကသာ ဝင်ရောက်ခွင့်ရှိတာလည်းဖြစ်သည်ဟု သိရသည်။

ANRPC အသင်းကို နိုင်ငံပေါင်း ၁၂နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပါပူဝါ နယူးဂီနိ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ သိရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့ဖြစ်ကြပြီး အသင်းတည်ရှိရာနိုင်ငံ မလေးရှားနိုင်ငံ၏ဘဏ္ဍာရေး နှစ်ဖြစ်သည့် ဇန်နဝါရီ၊ ဒီဇင်ဘာ ဘက်ဂျက်နှစ်အရ ၊ မြန်မာနိုင်ငံသည် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ လေးလအတွက် ၁၆၆၆ ဒေါ်လာပေးသွင်းရမည်ဖြစ်သည်။

ထို့အတွက် အဆိုပါငွေများနှင့် အသင်းဝင်ရောက်နိုင်ဖို့အတွက် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ သဘောထားမှတ်ချက်များရယူကာ နိုင်ငံခြားရေးရာမူဝါဒ ကော်မတီနှင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီးဦးလှကျော်က ပြောကြားချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required