အောင်ရဲထွေးအမှု မှ လွတ်မြောက်ခဲ့သူ ၃ ဦး တိုင်းတရားရုံးသို့ လာရောက် သတင်းပို့

အောင်ရဲထွေးအမှု မှ လွတ်မြောက်ခဲ့သူ ၃ ဦး တိုင်းတရားရုံးသို့ လာရောက် သတင်းပို့
ဓာတ်ပုံ-သက်ကို
 

ရန်ကုန်၊ သြဂုတ်လ ၇ ။           ။ အောင်ရဲထွေးသေဆုံးမှုမှ လွတ်မြောက်ခဲ့သူ ၃ ဦးသည် သြဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်တိုင်းတရား လွှတ်တော်သို့ လာရောက်သတင်းပို့ခဲ့ကြောင်း သတင်းရရှိသည်။

လူမှုကွန်ရက်တွင် ဟာသရုပ်သံဖိုင်များဖြင့် နာမည်ကြီးခဲ့သူ အောင်ရဲထွေး သေဆုံးခဲ့ရသည့်အမှုအား ရုပ် သိမ်းမှုကြောင့် လွတ်မြောက်ခဲ့သော သန်းထွဋ်အောင် အပါအဝင်သုံးဦးသည် ယနေ့ သြဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်သို့ လာရောက်ကာ သတင်းပို့ခဲ့ကြောင်း တိုင်းတရားလွှတ်တော်မှ သတင်းနှင့် ပြန်ကြားရေးအရာရှိ ဒေါ်နွဲ့နွဲ့ဦးကပြောသည်။

ပြည်ထောင်စုရှေ့နေချုပ်၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး ဥပဒေရုံးချုပ်မှ တိုင်းတရားလွှတ်တော်သို့ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၂၉၆(ခ)ဖြင့် တက်ရောက်ထားခြင်းဖြစ်ပြီး ပြင်ဆင်မှုလျှောက်ထားလွှာမိတ္တူနှင့် ဆင့်ခေါ်စာတို့ကို သန်းထွဋ်အောင် အပါအဝင်သုံးဦးထံ သြဂုတ်လ ၂ ရက်နေ့က သမ္မာန်စာပေးပို့ ထားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယနေ့ သြဂုတ်လ ၇ ရက်နေ့တွင် ပြင်ဆင်မှုလျှောက်ထားခံရသည့် သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင်(ခ) အောင်လေး၊ ကျော်ဇောဟန် (ခ) ကျော်ဇောတို့သည် တိုင်းတရားလွှတ်တေ်ာသို့လာရောက် သတင်းပို့ခဲ့ခြင်းဖြစ်သည်။

“ ဒီနေ့မှာ တရားခံလျှောက်ထားခံရတယ်ပေါ့နော်။ ပြင်ဆင်မှုလျှောက်ထားခံရတယ်။ လျှောက်ထားခံရတဲ့သူ သန်းထွဋ်အောင်(ခေါ် ) သားကြီးရယ်၊  ပြည့်ဖြိုးအောင်(ခေါ်)    အောင်လေးရယ်၊ ကျော်ဇောဟန်(ခေါ် ) ကျော်ဇောတို့ သုံးယောက်စလုံး လာပြီးသတင်းပို့သွားတယ်”ဟု တိုင်းတရားလွှတ်တော်မှ သတင်းနှင့် ပြန်ကြားရေးအရာရှိ ဒေါ်နွဲ့နွဲ့ဦးကပြောသည်။

ထို့ပြင် ပြင်ဆင်မှုလျှောက်ထားခံရသည့် သန်းထွဋ်အောင် (ခ) သားကြီးနှင့်  ပြည့်ဖြိုးအောင် (ခ) အောင်လေးတို့ ဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးရွှေလှိုင်တင်၊ ဦးတင်လှိုင်၊ ဒေါ်ခင်အေးလှိုင်တို့မှ ကိုယ်စားလှယ်လွှဲ စာတင်ခဲ့ သည်။

ကျော်ဇောဟန်(ခေါ်)ကျော်ဇောဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကို၊ ဒေါ်သင်းပပသောင်းတို့မှ ကိုယ် စားလှယ်လွှဲစာများအသီးသီးတင်ခဲ့ကြောင်းသိရသည်။

“ အမှုတွဲလည်းရောက်ပြီ။ လျှောက်ထားခံရသူတွေလည်း သတင်းလာပို့သွားပြီ။ ဒါကြောင့်မို့လို့ လျှောက်လဲချက် ကြားနာမယ့်နေ့ပေါ့။ လျှောက်လဲချက်ဘယ်နေ့ကြားနာမလဲဆိုတာ သုံးပတ်ကြိုတင်ပြီးတော့ ရန်ကုန်တိုင်း ဒေသကြီးတရားလွှတ်တော်၊ ဖေ့ဘုတ်စ်စာမျက်နှာနဲ့ ရုံးရှေ့ကြော်ငြာသင်ပုန်းမှာ သုံးပတ်ကြိုတင်ပြီး ကပ်ထား မယ်”ဟု ဒေါ်နွဲ့နွဲ့ဦးကပြောသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး နောက်ခံအကြောင်းအရာများ၊ အခြားပတ်သက်ဆက်နွယ်မှုများအား တိကျစွာစိစစ် ဖော်ထုတ်၍ ဥပဒေနှင့်အညီ မှန်ကန်စွာဆောင်ရွက်နိုင်ရန်အတွက်  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မတီ ဥက္ကဋ္ဌ၊  ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်တို့နှင့် တွေ့ဆုံကာ လမ်းညွှန်မှာကြားမှုများရှိခဲ့သည်။

ထိုသို့ နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားအပြီး သြဂုတ်လ ၃ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က အောင်ရဲထွေးသေဆုံးခဲ့သည့် အမှုနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၃(ဂ)အရ ကျော်ဇောသတင်းအဖြစ်သတ်မှတ်လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အောင်ရဲထွေးသေဆုံးခဲ့သည့်အမှုအား ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ဒုခရိုင်တရားသူကြီး ဦးအောင်ကြည်က သက်သေအစုံ စစ်ဆေးပြီးစီးမှုမရှိသေးဘဲ စွဲချက်မတင်မီ အမှုရုပ်သိမ်းခွင့်ပြုခဲ့သောကြောင့် အဆိုပါ ၃ဦးမှာ အမှုမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly