မကွေးတိုင်းအတွင်းရှိ မြို့ဝင်ဘီးကောက်ဂိတ်များ မကြာမီ ဖျက်သိမ်းမည်

မကွေးတိုင်းအတွင်းရှိ မြို့ဝင်ဘီးကောက်ဂိတ်များ မကြာမီ ဖျက်သိမ်းမည်

 

မကွေး၊ သြဂုတ်လ ၇ ။           ။ မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ မြို့ဝင်ဘီးကောက်ဂိတ်များအား လာမည့် အောက်တိုဘာလ ၁ ရက်နေ့ မှစတင်၍ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ထံမှ သိရသည်။

“ ပြည်သူတွေအနေနဲ့ အရင်ကတည်းက ဆိုင်ကယ်တွေတင် မဟုတ်ဘဲ ကားတွေကိုပါ မြို့ဝင်ဘီးခွန် ကောက် တာ လွတ်စေချင်တဲ့ဆန္ဒရှိ ကြတယ်လေ။ စည်ပင်သာယာရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်နိင်မယ့်ငွေပမာဏ လိုအပ်ချက် ရှိနေသေးတာကြောင့် ချက်ချင်း ဖြုတ်မပေးနိုင်ခဲ့ဘူး။ မနှစ်တုန်းကဆိုရင် တိုင်းဒေသကြီးမှာ စည်ပင်ရဲ့ အရပ်ရပ်လိုင်စင်ခွန်ကနေသိန်းပေါင်း ၁၇၀၀၀ လောက် တိုးလာတယ်လေ။ အဲဒီလို အရင်ကထက် တိုးလာတာကြောင့် ပြည်သူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တဲ့သဘောပါ"ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်းက ပြောသည်။

မြို့ဝင်ကြေးဘီးကောက် ကောက်သည့်ဂိတ်များအားလုံးကို ဖယ်ရှားမည်ဆိုသော်လည်း ဘီးခွန်ကောက်ခံမှုမှာမူ ရှိနေဦးမည်ဖြစ်ပြီး အဆိုပါ ဘီးခွန်ကို လိုင်စင်သက်တမ်းတိုးသည့်အခါတွင် စည်ပင်သာယာရေးသို့ ပေးဆောင်ကြရမည်ဖြစ်ကြောင်း သိရသည်။

"မြို့ဝင်ဘီးကောက်လုပ်ငန်းအနေနဲ့ မနှစ်က သိန်းပေါင်း ၁သောင်းကျော် အခွန်ငွေ ရခဲ့ပါတယ်။တိုင်းဒေသကြီး အတွက် ပြည်သူတွေဘက်ကလည်း ဆောင်ရမယ့်အခွန်တွေကို အမှန်အကန် ပေးဆောင်ကြအောင်၊ဌာနဆိုင်ရာတွေကလည်း မှန်မှန်ကန်ကန်ဆောင်ရွက်ကြအောင် ဒီထက်ပိုပြီးကြပ်မတ်ဆောင်ရွက်သွားမှာပါ။ ဒါဆိုရင် ဂိတ်တွေ ဖြုတ်လိုက်လို့ လျော့နည်းသွားတဲ့ အခွန်ငွေအတွက် အစား ထိုးဝင်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။

မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ တင်ဒါပေး၍ကောက်ယူလျက်ရှိသည့် စည်ပင်မြို့ဝင်ဘီးကောက်ဂိတ်များအား လာမည့် အောက်တို့ဘာ ၁ရက်နေ့ မှ စကာ ဖျက်သိမ်းသွားမည့်အပေါ်  ဒေသခံများ ကျေနပ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly