တနင်္သာရီ၌ ကျေးရွာအချို့ ရေကြီးမှု ၁ လ ကျော် အထိ ခံစားနေရ၍ စားနပ််ရိက္ခာများ ပြတ်လပ်နိုင်

တနင်္သာရီ၌ ကျေးရွာအချို့ ရေကြီးမှု ၁ လ ကျော် အထိ ခံစားနေရ၍ စားနပ််ရိက္ခာများ ပြတ်လပ်နိုင်

တနင်္သာရီ၊ သြဂုတ် ၇ ။                 ။ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် လက်ရှိအချိန် အထိ ရေကြီးနစ်မြှုပ်မှုများ ဆက်လက် ဖြစ်ပွားနေပြီး၊ ကျေးရွာအချို့တွင် အဆိုးဝါးဆုံး ပိုခံစားနေရသောကြောင့် စားသောက်ရေးပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း သိရသည်။

တနင်္သာရီမြို့နယ်တွင် မြစ်ရေ မြင့်တက်မှု လက်ရှိမှာ စိုးရိမ်ရေမှတ် ၁၇ ပေမှ ၂၂ ပေ အထိ ရှိနေရာ ကျေးရွာ ၁၇ ရွာ၌ ၁ လ ကျော်နီးပါး အထိ ရေကြီး နစ်မြှုပ်မှု ဖြစ်ပွားနေခြင်း ဖြစ်သည်။

တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက“စားနပ်ရိက္ခာတွေက နေ့စဉ် အလှူရှင်တွေ လာရောက်လှူဒါန်းမှုတွေ ရှိနေသေးပေမယ့် ၂ ရက် ၊ ၃ ရက်လောက်ကို အဆင်ပြေနေပေမယ့် ရက်ကြာလာတာနဲ့အမျှ ဒီ ရိက္ခာတွေ ပြတ်လပ်သွားရင် ဘယ်လိုမျိုး ဖြစ်လာနိုင်မလဲဆိုတာ မပြောနိုင်ဘူး၊ တနင်္သာရီမြို့ရဲ့ မိုးရွာတာက သတင်းကျွတ်လ အထိ ရွာတတ်တဲ့ အလေ့အထ ရှိတာမို့ နောက်ထပ် မိုးတွေ ဆက်လက်ရွာဖို့ ၂ လနီးပါး အထိ ရှိနေသေးတော့ အခုက ရေကမကျသေးဘူး၊ စိုးရိမ်ရေမှတ် အကျော်မှာ တက်လိုက်၊ ကျလိုက် ဖြစ်နေပါတယ်၊ မိုးကလည်း ဆက်ရွာနေတာကြောင့် မြစ်ရေက  တန့်နေပါတယ်၊ ရွာတွေမှာ ရှိတဲ့ ရေဘေးသင့် ပြည်သူတွေ စားနပ်ရိက္ခာတွေ ပိုပြီး အခက်အခဲ ဖြစ်လာနိုင်တယ်”ဟု ပြောသည်။

တနင်္သာရီမြို့နယ်သည်၊ ဒုတိယအကြိမ် မြစ်ရေ ထပ်မံ မြင့်တက်မှု ဆက်လက် ဖြစ်ပွားနေ၍ ရေဘေးသင့် ပြည်သူတွေကို နေ့စဉ် ကျပ်သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စားနပ်ရိက္ခာများများကို ထောက်ပံ့ ကူညီ နေရ၍ ရေရှည်မှာ အခက်ကြုံနိုင်ကြောင်း တနင်္သာရီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ရေကြီးနစ်မြှုပ်မှုကြောင့် တနင်္သာရီမြို့တွင် မြို့ပေါ် ရပ်ကွက်များ ဖြစ်သည့် ချောင်းကြီးရပ်ကွက်နှင့် ချောင်းကြီးငယ်ရပ်ကွက်တို့တွင် ရေစုပ်စက်ကြီးဖြင့် စုပ်ထုတ်လျက်ရှိပြီး၊ ကျေးရွာ ၁၇ ရွာတွင် ၁လ ကျော်အကြာအထိ ရေကြီး နစ်မြှုမှုဒဏ်ကို ခံစားနေရကာ လမ်းပန်းဆက်သွယ်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ခက်ခဲနေကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၌ မြို့ပေါ်နှင့် ကျေးရွာများမှာ ၁ လ ကျော် နီးပါး အထိ ကျေးရွာပေါင်း ၁၉ ရွာ၊ အိမ်ခြေ ၄၈၃၃၊ အိမ်ထောင်စု ၄၈၈၇၊ လူ ၂၄၁၉၈ ဦး သည်၊ ရေကြီး နစ်မြုပ်မှု ဖြစ်ပွားနေပြီး၊ ရေကြီးမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွေ့သူ ၆၀၀၉ ဦး တို့နဲ့ ကယ်ဆယ်ရေး စခန်း ၇ ခုတွင် လူ ၈၀၀ ဦးကျော်ကို ကျန်မာရေး စောင့်ရှောက်မှုများနဲ့ ကူညီပေးလျက်ရှိကြောင်း သိရသည်။

“ရေကတော့ ဒီနေ့ မနက်က ထပ်တိုးလာပါတယ်၊ ရေဘေးသင့် ပြည်သူတွေကို စားနပ်ရိက္ခာတွေကို ၉ ရက်နေ့ အထိ ဖြန့်ဝေမှုတွေ ပြုလုပ် ထားပါတယ်၊ အခုဆိုင်ရင် ရိက္ခာတွေ ပြတ်လပ်လို့ နီးပါးလည်း ဖြစ်နေပါပြီး၊ လူ ၁ ဦးကို နေ့စဉ် ပက်ကေ့ချ် ၁၆၅၀ နှုန်းနဲ့ ဖြန့်ဝေပေးပါတယ်၊ တစ်နေ့ကို ကျပ်သိန်း ၁၀၀ ကျော်လောက် ကုန်ပါတယ်”ဟု ဦးရဲမြင့်ဆွေက ပြောသည်။

လက်ရှိမှာ ရေဘေးသင့်ပြည်သူများကို တိုင်းအတွင်း မြို့နယ်အလိုက် အလှူရှင်များက စားနပ်ရိက္ခာနှင့် အလှူငွေများကို နေ့စဉ် သွားရောက် လှူဒါန်းလျက် ရှိကြောင်း သိရသည်။

“ရွာတွေမှာ အိမ်ခြေတွေ ယခု အချိန် အထိ ရေနစ်မြုပ် နေပါတယ်၊ သွားရေး လာရေးတွေ ခက်ခဲနေသလို စားဝတ်နေရေးအတွက် ရှာဖွေ စားသောက်ဖို့ အဆင်မပြေကြဘူး၊ ဘာအလုပ် အကိုင်မှ လုပ်လို့ မရဘူး၊ အစိုးရနှင့် အလှူရှင်တွေက ပံ့ပို့နေတဲ့ စားနပ်ရိက္ခာတွေနဲ့ပဲ မှီခို စားသောက် နေရတယ်”ဟု တနင်္သာရီမြို့နယ် ပဝကျေးရွာနေ ကျေးရွာ တာဝန်ခံ ဦးကြည်ဟုန်က ပြောသည်။

လက်ရှိမှာ ရေဘေးသင့် ပြည်သူများကို စားနပ်ရိက္ခာများကို တစ်ပတ်ကျော် အထိ ဖြန့်ဝေးထားပြီး၊ အရေးပေါ် ပြတ်လပ်မှု ဖြစ်ပွားပါက တိုင်းအစိုးရအဖွဲ့သို့ အကူညီတောင်းခံသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly