ရိုက်တာသတင်းသမားများအမှု သက်သေအားလုံး စစ်ဆေးပြီးစီး

ရိုက်တာသတင်းသမားများအမှု သက်သေအားလုံး စစ်ဆေးပြီးစီး
ဓာတ်ပုံ - EPA

 

ရန်ကုန် ၊ သြဂုတ် ၆ ။          ။ ရိုက်တာသတင်းသမားများအမှု၌ တင်သွင်းထားသည့် သက်သေများအားလုံးကို ယနေ့ သြဂုတ်လ ၆ ရက်နေ့တွင် စစ်ဆေးပြီး ဖြစ်သောကြောင့် မကြာမီ အချိန်အတွင်း အမိန့်ချမှတ်သွားတော့မည် ဖြစ်သည်ဟု သတင်းထောက်နှစ်ဦး ဘက်မှ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

“စစ်ဆေးမှုကတော့ ပြီးဆုံးသွားပြီ။ နောက်တစ်ပတ်ရုံးချိန်းက သြဂုတ်လ ၂၀ ရက်နေ့ အဲ့နေ့မှာ နှစ်ဖက်ရှေ့နေတွေ အပြန်အလှန် လျှောက်လဲချက်ပေးမယ်။ အဲ့ဒါပြီးရင်တော့ အမိန့်ချတော့မယ်” ဟု ဦးသန်းဇော်အောင်က ဆိုသည်။

ရိုက်တာသတင်းထောက်နှစ်ဦးအမှုကို သြဂုတ်လ ၆ ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ ၃၅ ကြိမ်မြောက် ရုံးချိန်းအဖြစ် စစ်ဆေးခဲ့ပြီး ရန်ကုန်သတင်းစာပညာသင်တန်းကျောင်း (YJS) မှ ဒါရိုက်တာဖြစ်သည့် ဦးရဲနိုင်မိုး နှင့် ကိုဝလုံး သူငယ်ချင်းဖြစ်သူ ကိုသန့်ဇင်စိုးတို့အား သက်သေအဖြစ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ရိုက်တာသတင်းထောက်များဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့နှစ်ဦး၏ အကျင့်စရိုက်များ၊ သတင်းစာပညာအပေါ် ဘယ်လို ခံယူချက်များ ရှိသလဲ စသည့် သုံးသပ်ချက်များအား သက်သေအဖြစ် ထွက်ဆိုခဲ့သည်ဟု သတင်းစာဆရာ တစ်ဦးလည်းဖြစ် ရန်ကုန်သတင်းစာပညာသင်တန်းကျောင်း (YJS) တည်ထောင်သူလည်း ဖြစ်သည့် ဦးရဲနိုင်မိုးက တရားခွင် စစ်ဆေးမှုများအပြီး မီဒီယာများ၏ မေးမြန်းမှုကို ဖြေဆိုခဲ့သည်။

“ကျွန်တော်တို့တွေဟာ လူ့အဖွဲ့အစည်းမှာ အရာအားလုံး အဆင်ပြေ ချောမွေ့နေတယ်ဆိုတာကို ပြောဖို့က ကျွန်တော်တို့ တာဝန်မဟုတ်ဘူး။ စစ်မှန်တဲ့ သတင်းစာဆရာဆိုတာ လူ့အဖွဲ့အစည်းထဲမှာ မှားယွင်းနေတာတွေ ပြဿနာတွေကို မီးမောင်းထိုးပြဖို့က ကျွန်တော်တို့ တာဝန်ဖြစ်ပါတယ်” ဟု ဦးရဲနိုင်မိုးက ဆိုသည်။

မောင်တောမြို့နယ် လုံခြုံရေးရဲတပ်ဖွဲ့ အစီရင်ခံစာ မိတ္တူတချို့ကို လက်ဝယ်တွေ့ရှိသည်ဟု ဆိုကာ ရိုက်တာသတင်းသမား နှစ်ဦးကို ပြီးခဲ့သည့်နှစ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က စတင်ဖမ်းဆီးခဲ့ရပြီး ထောင်ဒဏ် ၁၄ နှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်သည့် နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးခဲ့ပြီးနောက် အစိုးရ လိျှု့ဝှက်ချက်များ အက်ဥပဒေပုဒ်မဖြင့့်် ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ကာ စစ်ဆေးနေခြင်း ဖြစ်သည်။

“ဘယ်တုန်းကမှ တိုင်းပြည်ကို သစ္စာဖေါက်ခဲ့တာ မရှိဘူး။ ရေးခဲ့တဲ့ သတင်းတွေတိုင်းသည်လည်း ကျင့်ဝတ်နဲ့အညီ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ဒီနေ့ဟာ သက်သေတွေကို နောက်ဆုံး စစ်ဆေးခဲ့တာဖြစ်ပါတယ်။ မကြာခင်မှာ စီရင်ချက်ချတော့မှာပါ။ ကျွန်တော်အနေနဲ့ ဒီအမှုကို မျှမျှတတနဲ့ မှန်မှန် ကန်ကန် ဆောင်ရွက်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ရိုက်တာသတင်းထောက် ကိုဝလုံးက သူတို့၏ ၃၅ ကြိမ်မြောက် တရားခွင်အပြီးတွင် ပြောဆိုခဲ့သည်။

ရိုက်တာ သတင်းထောက် ၂ ဦးအား အဆိုပါ လုံခြုံရေးရဲတပ်ဖွဲ့ အစီရင်ခံစာ မိတ္တူစာရွက်စာတမ်းများကို လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူးမိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ ၂ ဦးက ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး စစ်ဆေးပြီးစီးခဲ့သည့် တရားလိုပြ ၂၂ ဦးတွင် ပါဝင်သော ဒုရဲမှူးဟောင်း မိုးရန်နိုင်က ရိုက်တာ သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထိုသို့ ဖမ်းဆီးရန်အတွက် ရဲမှူးချုပ်တင်ကိုကိုက ဦးစီး ကွပ်ကဲခဲ့ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလ ၂ဝ ရက်နေ့က တရားလိုပြ သက်သေအဖြစ် ထွက်ဆိုမှုများရှိခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံ၊ တိုကျိုအခြေစိုက် NHK သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ရိုက်တာသတင်းထောက်နှစ်ဦးမှာ ရခိုင်ပြည်နယ် အရေးကိစ္စများအား ဖော်ထုတ်ခဲ့သဖြင့် ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ နိုင်ငံတော်၏ လျှို့ဝှက်ချက်ကို ချိုးဖောက်ခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဖြေဆိုထားသည်ကို  NHK သတင်းဌာန၏ ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ သတင်းတွင် တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly