ကိုယ်စားလှယ်လောင်းထုတ်ပြန်မည့်စာရင်းတွင် ဧရာဝတီတိုင်းအတွင်းပြိုင်မည့် ကိုယ်စားလှယ်လောင်သုံးဦး၏အမည် ပါမည်မဟုတ်သေး

ကိုယ်စားလှယ်လောင်းထုတ်ပြန်မည့်စာရင်းတွင် ဧရာဝတီတိုင်းအတွင်းပြိုင်မည့် ကိုယ်စားလှယ်လောင်သုံးဦး၏အမည် ပါမည်မဟုတ်သေး
ဓာတ်ပုံ-သတင်းစဉ်

ပုသိမ်၊ စက်တင်ဘာ ၂။ ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းကို စက်တင်ဘာ ၅ရက်တွင် ထုတ်ပြန်မည်ဖြစ်ပြီး ဧရာဝတီတိုင်းအတွင်း ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနက် သုံးဦးကို ထပ်မံစိစစ်ဦးမည်ဖြစ်၍ အမည်စာရင်း၌ ပါမည်မဟုတ်ဟု ဧရာဝတီတိုင်းဒေသကြီးကော်မရှင်ဥက္ကဋ္ဌဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။

သို့သော် စာရင်းတွင် မပါသည့် သုံးဦးကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

"မနက်ဖြန်ထုတ်ပြန်တဲ့ စာရင်းမှာ စစ်ဆေးဖို့ကျန်တဲ့ သူတွေတော့ မပါဘဲ ထုတ်ပြန်ကြေငြာသွားမှာပါ၊ ပြည်ထောင်စုကော်မရှင် ပြန်ချတဲ့ စာရင်းတွေကို အခုည မြို့နယ်တွေ ဖက်စ်နဲ့ဆက်ပို့နေတယ်"ဟု ဦးအောင်မြင့်က စက်တင်ဘာ ၄ရက်က ပြောသည်။

ထုတ်ပြန်မည့် စာရင်းတွင် မပါသည့် ကိုယ်စားလှယ်လောင်းများအား ထပ်မံစိစစ်ပြီး၊ ကြေငြာမည်ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၅၀၃ဦး လျှောက်ထားထားသည်ဟု သိရသည်။ တိုင်းအတွင်း မြို့နယ် ၂၆ခုအတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၆ဦး၊ တိုင်းဒေသကြီး အမှတ် ၁၊၂ အတွက် ကိုယ်စားလှယ် ၅၂ ဦးနှင့် တိုင်းရင်းသားရေးရာအတွက် ကရင်နှင့် ရခိုင်တိုင်းရင်းသားမှ ကိုယ်စားလှယ် ၁ဦး ရွေးချယ်ခံရမည်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ၂၆မြို့နယ် တွင် အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ် ၆၁ဦး၊ ပြည်သူလွှတ်တော် ၁၅၂ဦး၊ တိုင်းဒေသကြီး ၁၊၂တွင် ကိုယ်စားလှယ် ၂၉၀ဦး လျှောက်ထားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly