၈၈၈၈ အနှစ် ၃၀ ပြည့် အထိမ်းအမှတ်ကို ခွပ်ဒေါင်းအလံလွှင့်ထူပြီး ရန်ကုန်တက္ကသိုလ်အတွင်း ပထမဆုံးအကြိမ် ကျင်းပ

၈၈၈၈ အနှစ် ၃၀ ပြည့် အထိမ်းအမှတ်ကို ခွပ်ဒေါင်းအလံလွှင့်ထူပြီး ရန်ကုန်တက္ကသိုလ်အတွင်း ပထမဆုံးအကြိမ် ကျင်းပ
ဓာတ်ပုံ - AFP
 

 ရန်ကုန်၊ သြဂုတ် ၆ ။           ။ ၈၈၈၈ အရေးတော်ပုံကို ဖြစ်ပွားအပြီး နှစ် ၃၀ အကြာတွင် သြဂုတ်လ ၆ ရက်နေ့ ရန်ကုန်တက္ကသိုလ် အတွင်း၌ နှစ် ၃၀ ပြည့် အခမ်းအနားကို ခွပ်ဒေါင်းအလံလွှင့်ထူပြီး ပထမဦးဆုံးအကြိမ် ကျင်းပခဲ့သည်။

"ကျွန်တော်တို့ဒီနေရာဟာ ကျွန်တော်တို့စပြီးတော့ သန္ဓေတည်ခဲ့တဲ့ ဘူမိနက်သန်လည်း ဖြစ်ပါတယ်။ ပြောရရင် ကျွန်တော်တို့ အခမ်းအနားလုပ်မယ့် အပန်းဖြေနားနေဆောင်ဆိုတာဟာ အဲဒီမှာကျွန်တော်တို့စုဝေးပြီးတော့ တရားပွဲတွေလုပ်ခဲ့ပြီးတော့ ဆန္ဒပြခဲ့တဲ့နေရာဖြစ်ပါတယ်။ အဲဒီတော့ ဒီနေရာမှာ ကျွန်တော်တို့ ပြန်ခြေချခွင့် ရတယ်။ ပြီးတော့ အခုလိုမျိုးရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာ ခွပ်ဒေါင်းအလံတွေ တလူလူ လွှင့်ထူနိုင်ခဲ့တယ် ဆိုတာ နှစ် ၃၀ အတွင်းမှာ ပထမ ဦးဆုံးဖြစ်ပါတယ်။" ဟု ဦးကိုကိုကြီးက ဆိုသည်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်လုံးကျွတ်သပိတ်မှောက် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့ပြီး ပစ်ခတ်နှိမ်နင်းခံခဲ့ရသည်။ ၎င်းဆန္ဒပြမှုများ၏ အစပြုရာနေရာဖြစ်သော ရန်ကုန် တက္ကသိုလ်တွင် ယခုအခါ ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်အခမ်းအနားကို ပထမဦးဆုံး ကျင်းပခွင့် ရရှိခြင်း ဖြစ်သည်။

ထိုကဲ့သို့ ကျင်းပနိုင်ရေးအဆင့်ဆင့်ညှိနိူင်းခဲ့ရပြီး ပြည်ထောင်စုအစိုးရအဖွဲ့အထိ ညှိနှိုင်းထားကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောသည်။

"ကျွန်တော်တို့ ဖြစ်မြောက်ရေးကော်မတီအနေနဲ့ အခမ်းအနားကျင်းပဖို့နေရာကို ပထမဦးစားပေး ၊ ဒုတိယ ဦးစားပေး စသဖြင့်ရွေးချယ်ပြီးတော့ သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ ညှိနိူင်းရပါတယ်။ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒီမှာ ဆီးနိတ်လည်းရှိတယ်။ အဲဒီကိုလည်း ကြိုးစားရသလို တစ်ဖက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၊ နောက်တစ်ခါပြည်ထောင်စုအဆင့်အထိညှိနိူင်းပြီးတော့ ဒီနေရာမှာကျင်းပဖို့အတွက်ကြိုးစားခဲ့ရတာပါ" ဟု ဦးကိုကိုကြီး က မဇ္ဈိမကို ပြောသည်။

အဆိုပါ ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်အနေဖြင့် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ အပန်းဖြေ နားနေဆောင်တွင် ထိုခေတ်က ကာတွန်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများနှင့် ဆန္ဒပြသူများအား ဖမ်းဆီးအကျဉ်းချထားသည့် ပြခန်းများ ပြသထားသည်။

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းတွင် ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်ပွဲ ကျင်းပနေသော်လည်း ကျောင်းသားလှုပ်ရှားမှုအနေဖြင့် မဟုတ်ဘဲ လူထုလှုပ်ရှားမှုကို ကိုယ်စားပြုထားသည်ဟု ၎င်းက ဆိုသည်။

၎င်းရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့် အထိမ်းအမှတ်ကို သြဂုတ်လ ၆ ရက်နေ့မှစ၍ သြဂုတ်လ ၈ ရက် နေ့အထိ ရန်ကုန်တက္ကသိုလ်၌ ကျင်းပနေပြီး အနှစ်၃၀ ပြည့်နေ့ ဖြစ်သော သြဂုတ်လ ၈ ရက်နေ့တွင် တက်ရောက်ရန်အတွက် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဖိတ်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly