တယ်လီနောကွန်ရက် ထားဝယ်အထိ ဖြန့်ကြက်၊ နိုင်ငံတွင်း လူနေထူထပ်သောနယ်မြေ ၅၀ ရာခိုင်နှုန်းကို လွှမ်းခြံုနိုင်

တယ်လီနောကွန်ရက် ထားဝယ်အထိ ဖြန့်ကြက်၊ နိုင်ငံတွင်း လူနေထူထပ်သောနယ်မြေ ၅၀ ရာခိုင်နှုန်းကို လွှမ်းခြံုနိုင်
ထားဝယ်မြို့မြင်ကွင်း - ဓာတ်ပုံ-သိင်္ဂီထွန်း

တယ်လီနောက ၎င်း၏ ကွန်ရက်ကို တနင်္သာရီဒေသ ထားဝယ်အထိ တိုးချဲ့နိုင်ခဲ့ပြီး အဓိက နယ်မြေ ၁၃ ခုကို လိုင်းဖြန့်ကြက်ပေးနိုင်ပြီဖြစ်ကြောင်း တယ်လီနောက ကြေညာသည်။

ထိုသို့ ထားဝယ်တွင် ကွန်ရက်တပ်ဆင်နိုင်ပြီဖြစ်၍ နော်ဝေအခြေစိုက် ဆက်သွယ်ရေးဝန်ဆောင်မှု တယ်လီနောကုမ္ပဏီ၏ ဆက်သွယ်ရေးကွန်ရက်ဖြန့်ကြက်နိုင်မှုသည် လက်ရှိတွင် မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ ကရင်၊ မွန်၊ ကချင်၊ ရှမ်း၊ ကယား၊ နေပြည်တော်နှင့် တနင်္သာရီ ဒေသများကို လွှမ်းခြုံလိုက်နိုင်ပြီဖြစ်သည်။

တယ်လီနော၏ လက်ရှိကွန်ရက်တပ်ဆင်ထားနိုင်မှုသည် မြန်မာနိုင်ငံအနှံ့ လူနေထူထပ်သော ဒေသ ၅၀ ရာခိုင်နှုန်းကို ဆက်သွယ်ရေးကွန်ရက်တာဝါတိုင်ပေါင်း ၂၇၀၀ ကျော်တပ်ဆင်ကာ လွှမ်းခြုံထားနိုင်ပြီဖြစ်သည်။ ၂၀၁၅ ခုနှစ်မကုန်မီ တာဝါတိုင်ပေါင်း ၃၅၀၀ မှ ၄၀၀၀ အထိ တပ်ဆင်သွားနိုင်မည်ဟု ကုမ္ပဏီက မျှော်မှန်းထားသည်။

တယ်လီနောမြန်မာ၏ စီအီးအိုဖြစ်သူ ပီတာဖာဘတ်က " မိုးရာသီကာလမှာ ကျွန်တော်တို့တွေ အခက်အခဲစိန်ခေါ်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံးကြိုးစားအားထုတ်မှုတွေနဲ့ ဆက်လက်ချီတက်ပြီး ကွန်ရက်ကျယ်ပြန့်ရေးအတွက် လုပ်ဆောင်ခဲ့ပါတယ်။ ပိုပြီးတော့ မြို့များစွာမှာ ဝန်ဆောင်မှုပေးသွားနိုင်ရေး တိုးချဲ့သွားမှာပဲဖြစ်ပါတယ်။ လူတစ်ဦးစီတိုင်း အသံနဲ့ အချက်အလက်များ ရယူသွားနိုင်ရေး ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်သွားမှာပဲဖြစ်ပါတယ်။ မြို့တွေမှာ ကျွန်တော်တို့ ဝန်ဆောင်မှု အရည်အသွေးမြင့်တက်အောင် ခက်ခဲစွာ ကြိုးစားလုပ်ကိုင်နေလျက်ရှိပါတယ်။ ရန်ကုန်မှာဆိုရင် ဆက်သွယ်ရေးကွန်ရက်တာဝါတိုင်ပေါင်း ၈၁၁ ခုနဲ့ မန္တလေးမှာ ၅၂၁ ခု တပ်ဆင်ပြီးဖြစ်ပါတယ်။"ဟု မှတ်ချက်ပြုပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly