သင့်ကလေးကျောင်းမှာ အနိုင်ကျင့်ခံနေရပြီလား

သင့်ကလေးကျောင်းမှာ အနိုင်ကျင့်ခံနေရပြီလား

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

သင့်ကလေးကျောင်းမှာ အနိုင်ကျင့်ခံနေရပြီလား

ဒီရက်ပိုင်းထဲမှာပဲ သုံးတန်းကျောင်းသားလေးကို လေးတန်းကျောင်းသားက ကျောင်းကားပေါ်မှာ အနိုင်ကျင့် ခြေထောက်နဲ့ကန်ကျောက်လို့ အနိုင်ကျင့်ခံရတဲ့ ကလေးခမျာ အင်္ကျီတွေအကုန်လုံး သွေးတွေပေပွနေတာကို လူမှုကွန်ယက်မှာ တွေ့လိုက်ရပါတယ်။အသက်မတိမ်းမယိမ်း လူအများအပြား တစုတစည်းတည်း နေထိုင်ရတဲ့ ကျောင်း/တက္ကသိုလ်တွေဟာ အနိုင်ကျင့်ခြင်းနတ်ဆိုးရဲ့ စားကျက်ကောင်းဖြစ်နေခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။Netflix ရဲ့ နာမည်ကျော်စီးရီး (ဝတ္ထုကို ဇာတ်လမ်းတွဲပြန်ရိုက်ထားတာ) 13 Reasons Why ဆိုရင်လည်း ကျောင်းတွင်း အနိုင်ကျင့်တဲ့အကြောင်းကို တစေ့တစောင်း တင်ပြထားတာပါ။ဆိုလိုချင်တာက ကျောင်း/တက္ကသိုလ်တွေမှာ တဦးကိုတဦး အနိုင်ကျင့်ခြင်းဟာ နေရာဒေသမရွေး ရှိနေတယ်ဆိုတဲ့အချက်ပါပဲ။ဒီဆောင်းပါးလေးမှာတော့ ကျောင်းတွင်းအနိုင်ကျင့်ခြင်းနဲ့ ပတ်သက်လို့ သိမှတ်ဖွယ်ရာ၊ဆောင်ရန်/ရှောင်ရန်လေးတွေကို မျှဝေပေးသွားပါမယ်။

အနိုင်ကျင့်ခြင်း ဆိုတာဘာလဲ

သူငယ်ချင်း အချင်းချင်း ချစ်လို့ခင်လို့ စနောက်တာနဲ့ အနိုင်ကျင့်ခြင်းကို ကွဲကွဲပြားပြား သိရပါမယ်။တကယ်တမ်းပြောရမယ်ဆိုရင် သူငယ်ချင်းတွေအကြား တဦးနဲ့တဦးနောက်ပြောင်ကျီစယ်တယ်ဆိုတာ အင်မတန်မှ လိုအပ်တဲ့အရာတခုပါ။ဒါဟာ သူငယ်ချင်းသံယောဇဉ်ကို ပိုမိုခိုင်မြဲစေပါတယ်။ဒါပေမယ့် ဒီလိုနောက်ပြောင်တဲ့အခါ ခံရသူက မကြိုက်ပါဘူး။မလုပ်နဲ့တော့လို့ တားမြစ်တဲ့အခါ ရပ်လိုက်မယ်ဆိုရင် ဒါဟာ အနိုင်ကျင့်ခြင်းဆိုတဲ့ စည်းကို ကျော်မသွားသေးပါဘူး။အကျီစားသန် ရန်များဆိုသလို စ,တာနောက်တာ အနည်းငယ် ကြမ်းကောင်းကြမ်းသွားပါလိမ့်မယ်။ဒါပေမယ့် လုပ်တဲ့သူအနေနဲ့ ခံရသူနစ်နာစေဖို့ မရည်ရွယ်ဘူး၊လုပ်လိုက်မိပြီးတဲ့အခါမှာလည်း ကိုယ့်အမှားကို သိပြီး တောင်းပန်တယ်။နောက်ထပ်မလုပ်တော့ဘူး ဆိုရင် ဒါဟာ အနိုင်ကျင့်တာ မဟုတ်ပါဘူး။ဒါပေမယ့် ခံရသူ နစ်နာအောင်၊ထိခိုက်သွားအောင် (စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးကို ရည်ရွယ်ပါတယ်) တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တယ်။ထပ်ခါတလဲလဲ လုပ်တယ်ဆိုရင်တော့ ဒါဟာ အနိုင်ကျင့်တာပါပဲ။

အနိုင်ကျင့်သူအနေနဲ့ (ယေဘုယျအားဖြင့်) အနိုင်ကျင့်ခံရသူထက် ကိုယ်ကာယအားဖြင့် ပိုမိုကြံ့ခိုင်မှုရှိကောင်းရှိမယ်၊ပိုပြီးလူသိများထင်ရှားမယ် (ပေါ်ပြူလာပိုဖြစ်တယ် ဆိုပါစို့) ဒါမှမဟုတ် မိဘရဲ့ ငွေကြေး၊ဂုဏ်အရှိန်အဝါ ပိုတောင့်တင်းမယ် စတဲ့ အားသာချက်တွေ ရှိတတ်ပါတယ်။

ဘယ်လိုကလေးတွေ အနိုင်ကျင့်ခံရတတ်သလဲ

ခြုံပြီးပြောရရင်တော့ အများနဲ့မတူဘဲ အနည်းငယ် ကွဲပြားနေတဲ့ကလေးတွေ (ပုံမှန်ထက် ညှက်လွန်း၊ပိန်လွန်း၊ဝလွန်းတဲ့ကလေးတွေ၊စကားထစ်တဲ့ ကလေးတွေ၊တယောက်တည်း နေတတ်တဲ့ ကလေးတွေ၊ဉာဏ်ရည်အနည်းငယ် နိမ့်ပါးတဲ့ကလေးတွေ၊ကိုယ်လက်အင်္ဂါတခုခု ချို့တဲ့နေတဲ့ ကလေးတွေ၊မိန်းမလျာ/ယောကျ်ားလျာစိတ်ပေါက်နေတယ်လို့ ထင်ရတဲ့ ကလေးတွေ စသဖြင့်ပေါ့)ဟာ အနိုင်ကျင့်ခံရတဲ့ ပစ်မှတ်လေးတွေ ဖြစ်လာတတ်ပါတယ်။

ဘယ်လိုနည်းတွေနဲ့ အနိုင်ကျင့်သလဲ

ကာယအားနဲ့ နှိပ်စက်မယ် (ကန်ကျောက်၊ထိုးနှက်မယ်၊ဆောင့်တွန်းမယ် စသဖြင့်)။

သူမကြိုက်တဲ့ နာမည်တွေခေါ်မယ်၊(နည်းနည်းကြီးတဲ့ အတန်းတွေမှာဆိုရင်) ကွယ်ရာမှာ ကောလဟာလတွေဖြန့်မယ်၊မဟုတ်တာတွေ လျှောက်ပြောမယ်၊အသရေဖျက်မယ်။

ဒီဖက်ခေတ် အင်တာနက်တွေ၊ဖုန်းတွေ ပေါလာတဲ့အခါကျတော့ လူမှုကွန်ယက်တွေ၊အင်တာနက်တွေ၊ဖုန်းတွေကတဆင့် အနိုင်ကျင့်တာတွေပါ မြင်လာရပါပြီ (ဒါကိုတော့ cyberbullying လို့ခေါ်ပါတယ်)။

ရည်ရွယ်ချက်ရှိရှိနဲ့ ဝိုင်း ‘ကျဉ်’ထားခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဘယ်လိုအချက်တွေကို သတိထားစောင့်ကြည့်ရမလဲ

အနိုင်ကျင့်ခံရတဲ့ ကလေးတွေဟာ အိမ်ကိုပြန်တိုင်လေ့ မရှိကြတာများပါတယ်။အိမ်ကို ပြန်တိုင်ရင် ထပ်နှိပ်စက်/အနိုင်ကျင့်မယ်လို့ ခြိမ်းခြောက်ခံထားရတာ ဖြစ်နိုင်သလို မိဘကပါ ထပ်ဆူမှာကြောက်လို့၊အခြေအနေ ပိုဆိုးသွားမှာစိုးလို့ မပြောရဲတာလည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် မိဘတွေအနေနဲ့ အောက်ပါအချက်တွေကို သတိပြုစောင့်ကြည့်သင့်ပါတယ်။

  • မိမိရဲ့ သားသမီးမှာ (ဘာကြောင့်မှန်း မေးမရတဲ့) ထိခိုက်ဒါဏ်ရာတွေ၊ပွန်းရာပဲ့ရာ၊ထိခိုက်ရာတွေ ရှိနေခြင်း။
  • အပေါင်းအသင်းနည်းလွန်းခြင်း။
  • ကလေးက ကျောင်းသွားဖို့ သို့မဟုတ် ကျောင်းကားစီးဖို့ အပြင်းအထန် ငြင်းဆန်နေခြင်း။
  • ခေါင်းကိုက်ခြင်း၊ဗိုက်အောင့်/နာခြင်း။
  • မုန့်ဖိုးအလွန်အကျွံတောင်းခြင်း၊ခိုးခြင်း (အနိုင်ကျင့်မခံရဖို့အတွက် ကျောင်းသားအချင်းချင်း ‘ဆက်ကြေး’ ပေးနေရတာ ဖြစ်နိုင်ပါတယ်)။
  • အဆင့်/အမှတ်များ သိသာစွာကျသွားခြင်း။

တကယ်လို့ သင့်ကလေး အနိုင်ကျင့်ခံနေရပြီလို့ထင်ရင် သင့်ကလေးနဲ့ အေးအေးဆေးဆေး ဆွေးနွေးပါ။ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ ကလေးတယောက်ယောက်ရှိသလားလို့ သွယ်ဝိုက်ပြီး မေးမြန်းတီးခေါက်ပါ။တကယ်လို့ ရှိတယ်လို့ ဖြေခဲ့ရင် ဘယ်လိုလုပ်သင့်တယ်ထင်သလဲလို့ ဆက်မေးပါ။ဒီလိုအခြေအနေမျိုးမှာ မိဘအများစုဟာ ‘မခံနဲ့။ပြန်ချ၊ပြန်လုပ်’ စသဖြင့် စိတ်လိုက်မာန်ပါ ပြောဖို့တာဆူတတ်ကြပါတယ်။ဒါပေမယ့် အဲ့ဒီလို မလုပ်ပါနဲ့။ဒီလို ရန်ကိုရန်ချင်း တုံ့နှင်းမယ့်အစား အနိုင်ကျင့်သူကို ရပ်တန်းကရပ်ဖို့ (ရဲရဲဝံ့ဝံ့၊ယုံကြည်ချက်ရှိရှိ) ပြန်ပြောဖို့ အားပေးပါ။ဒါမှမဟုတ် လှည့်ထွက်ပြီး ဆရာမ သို့မဟုတ် လူကြီးတယောက်ယောက်ကို အသိပေးဖို့ သင်ပေးထားပါ။

သင့်ကလေး အနိုင်ကျင့်ခံနေရပြီဆိုရင် ဘယ်လိုဖြေရှင်းမလဲ

ငယ်ရွယ်စဉ်ကာလမှာ ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ ကလေးတွေဟာ စိတ်ဒါဏ်ရာ ရသွားတတ်တဲ့အပြင် စိတ်ကျဝေဒနာခံစားရခြင်း၊ဉာဏ်ရည်ထိုင်းခြင်း စတဲ့ ပြဿနာတွေကိုပါ ခံစားရနိုင်ကာ နဂိုစိတ်ကျန်းမာရေးပြဿနာတခုခု ရှိနေပြီးသား ကလေးတွေမှာဆိုရင် (နောက်ပိုင်းမှာ) မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်တာမျိုး၊သတ်သေတာမျိုးတွေအထိ ဖြစ်လာနိုင်တဲ့အတွက် အရေးတယူ ဖြေရှင်းလုပ်ဆောင်သင့်တဲ့ ကိစ္စတခုပဲ ဖြစ်ပါတယ်။

  • ကျောင်းကိုလိုက်သွားပါ : သင့်ကလေး ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဆရာ/ဆရာမတွေ/ကျောင်းအုပ်ချုပ်သူတွေထံ အသိပေးပါ။ဒီကိစ္စကို ဖြေရှင်းဖို့ စည်းမျဉ်းဥပဒေထဲကနေ မှန်မှန်ကန်ကန် ဖိအားပေးပါ။ဒေါသမစွက်မိပါစေနဲ့၊ခံစားချက်ကို ရှေ့တန်းမတင်မိပါစေနဲ့။
  • အနိုင်ကျင့်တဲ့ကလေးနဲ့ တိုက်ရိုက်သွားမတွေ့ပါနဲ့ : မိဘအများစုကတော့ ကိုယ့်သားသမီးကို အနိုင်ကျင့်တဲ့ကလေးနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး ဖြေရှင်းပစ်ချင်မှာပါ။ဒါပေမယ့် ဒီလိုလုပ်ခြင်းဟာ ကောင်းကျိုးထက်ဆိုးကျိုးကိုပဲ ဖြစ်စေမယ့်အပြင် သင်ကိုယ်တိုင်ပါ အနိုင်ကျင့်တတ်သူတဦးအသွင် ဖြစ်သွားပါလိမ့်မယ်။ဒါကြောင့် ဒီလို မလုပ်ပါနဲ့။
  • ကျောင်းပြောင်းဖို့ စဉ်းစားပါ : ကျောင်းပြောင်းတာဟာ လွယ်ကူတဲ့ကိစ္စမဟုတ်ပေမယ့် လက်ရှိတက်နေတဲ့ကျောင်းက ဆရာ/ဆရာမ/တာဝန်ရှိသူတွေအနေနဲ့ သင်စိတ်ကျေနပ်အောင် ဖြေရှင်းမပေးနိုင်ဘူး၊သင့်ကလေးကို လုံလောက်သင့်တော်တဲ့ ကာကွယ်မှုမျိုး မပေးနိုင်ဘူးဆိုရင်တော့ ကျောင်းပြောင်းတာ အကောင်းဆုံး ဖြစ်မှာပါ။နောက်ကျောင်းရောက်တဲ့အခါမှာလည်း သင့်ကလေးအနေနဲ့ ဘာလို့ကျောင်းပြောင်းလာရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးပါ။
  • ကလေးနဲ့ စကားများများပြောပါ : ကလေးနဲ့ တတ်နိုင်သမျှ အတူတူနေပေးပါ။စကားပြောပါ။တရင်းတနှီးရှိပါစေ။ဒါမှသာ သူကလေး တွေ့ကြုံရသမျှ အကောင်းအဆိုးအားလုံးအကြောင်း သင့်ကို ပွင့်ပွင့်လင်းလင်း ပြောပြမှာပါ။

ကျောင်း/တက္ကသိုလ်တွေမှာ အနိုင်ကျင့်ခြင်းဟာ အခုမှ ရှိလာတာမဟုတ်ပါဘူး။ဟိုးအရင်ကတည်းက ရှိနေသလို နောင်လည်း ရှိနေဦးမှာပါ။ဒါကြောင့် မိဘတယောက်အနေနဲ့ သင့်ကလေး အနိုင်ကျင့်ခံရနေကြောင်း ဘယ်လိုသိနိုင်မလဲ၊အမှန်တကယ် အနိုင်ကျင့်ခံနေရပြီဆိုရင်လည်း ဘယ်လိုဖြေရှင်းမလဲ စတဲ့အချက်တွေကို သိရှိနားလည်ထားခြင်းအားဖြင့် ဒီပြဿနာကို ထိထိရောက်ရောက်ဖြေရှင်းနိုင်မှာ ဖြစ်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly