ဒုရဲအုပ်တစ်ဦးက ဆေးရုံတက်လူနာများကို သေနတ်ဖြင့် ခြိမ်းခြောက်မှု ဖြစ်ပွား

ဒုရဲအုပ်တစ်ဦးက ဆေးရုံတက်လူနာများကို သေနတ်ဖြင့် ခြိမ်းခြောက်မှု ဖြစ်ပွား
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊သြဂုတ် ၅ ။            ။ မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်ရှိ သပိတ်ကျင်းပြည်သူ့ဆေးရုံတွင် ဒုရဲအုပ်တစ်ဦးမှ ဆေးရုံတက်လူနာများကို သေနတ်ဖြင့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဆေးရုံတွင် ကျန်းမာရေးမကောင်းသည့် မူယစ်ဆေးဝါးတရားခံတစ်ဦး ဆေးရုံတင်ထားရာ၌ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးယူပေးနေရပြီး သြဂုတ်လ ၄ ရက်၊ညနေ ၆ နာရီခန့်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေရသည့် ဒုရဲအုပ် မြင့်လှိုင်က အရက်မူးကာ ဆေးရုံတက်နေသည့်လူနာများကို သေနတ်ဖြင့် ချိန်ရွယ်ခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"အကုန်သေနတ်နဲ့ ချိန်တာပဲ။ ကျန်တဲ့ရဲလေးတွေက အရာရှိက လုပ်နေတာဆိုတော့ ဘာမှမပြောရဲကြဘူး။ လူနာတွေလည်း ကြောက်ကြတာပေါ့။"ဟု လူနာတစ်ဦးကပြောသည်။

ထိုသို့ ရဲဝန်ထမ်းတစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်နေချိန်အတွင်း မူးယစ်သောက်စားကာ လူအများအပေါ် ရမ်းကားခဲ့မှုကို သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူသင့်ကြောင်း ဆေးရုံတက်နေသော ဒေသခံတချို့ကဆိုသည်။

သပိတ်ကျင်းဆေးရုံတွင် သြဂုတ်လ ၅ ရက်(ယနေ့)တာဝန်ကျ သူနာပြုတစ်ဦးက "ဖြစ်သွားတာတော့ ကြားတယ်။ ဂျူတီ အချိန်းအပြောင်းဆိုတော့ သေချာတော့ မသိလိုက်ဘူး။"ဟုပြောသည်။

ထိုသို့ လုံခြုံရေးတာဝန်ကျ ဒုရဲအုပ် မြင့်လှိုင်ဆိုသူမှ လူနာများကို သေနတ်ဖြင့်ချိန်ရွယ်ခဲ့မှုအပေါ် သပိတ်ကျင်းမြို့နယ်၊မြို့မ ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ စခန်းမှူး မျိုးမင်းလွင်က "မဟုတ်ပါဘူး။မဟုတ်ပါဘူးဆိုတာဒီလို သူကအဲဒီမှာ နည်းနည်း အရက်သောက်တယ်ပေါ့။ နည်းနည်းဖြစ်တာ ကျွန်တော်သွားထိန်းလိုက်ပါတယ်။ ဝုန်းဒိုင်းကြဲပြီး ဖြစ်တာမဟုတ်ပါဘူး။ အရက်ဖြတ်ထားတာကို ပြန်သောက်တော့ အခုလိုဖြစ်တာပါ။ သေနတ်နဲ့ပစ်တာ ဘာညာမရှိပါဘူး။"ဟုပြောသည်။

ဒေသခံတစ်ချို့က အဆိုပါဆေးရုံတွင်ယခုကဲ့သို့ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန်အတွက် တရားခံများ ဆေးရုံတက်ပါက သီးသန့်ထားပေးစေချင်ကြောင်းလည်းဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly