မြောက်ဦးခရိုင်နှင့် သံတွဲခရိုင်တွင် ကိုယ်စားလှယ်လောင်း ၁၄၆ ဦးရှိ

မြောက်ဦးခရိုင်နှင့် သံတွဲခရိုင်တွင် ကိုယ်စားလှယ်လောင်း ၁၄၆ ဦးရှိ

စစ်တွေ၊ စက်တင်ဘာ ၅။ ။ လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်တွင် မြောက်ဦးခရိုင်က ဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၈ ဦးရှိပြီး သံတွဲခရိုင်တွင် ၅၈ ဦးရှိကြောင်း ရွေးကောက်ပွဲကော်မရှင်ရုံးများက သိရသည်။

မြောက်ဦးခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၀ စာရင်း တင်ထားသော်လည်း အမျိုးသားလွှတ်တော်က နှစ်ဦးမှာ အသက်မပြည့်သောကြောင့် ရွေးကောက်ပွဲဥပဒေအရ ပယ်ချလိုက်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်။

"လွှတ်တော် သုံးရပ်တင်ထားတာကတော့ ၉၀ ပါ။ ဒါပေမယ့် အမျိုးသားလွှတ်တော်က အသက်မပြည့်လို့ နှစ်ယောက်ပယ်ထားပါတယ်။ ဆိုတော့ ၈၈ ယောက်ပေါ့။ ပြည်သူ့လွှတ်တော်က ၂၂ ယောက်ပါ။ အမျိုးသားလွှတ်တော်က ၁၈ ယောက်။ ပြည်နယ်လွှတ်တော်က ၄၈ ပါ။ " ဟု ပြောသည်။

အပယ်ခံရသူများမှာ ကျောက်တော်မြို့နယ်က အမျိုးသားလွှတ်တော်သို့ ဝင်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဦးကျော်နိုင်စိုးနှင့် မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီက ဦးဇူလှိုင်မိုးတို့ ဖြစ်ကြောင်း သူကဆိုသည်။

သံတွဲခရိုင်တွင် လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းတင်ထားသူ ၅၈ ဦးရှိသည့်အထဲက အပယ်ခံရသူများ ရှိမရှိကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားသည့်အတွက် မသိရသေးကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် ဦးခင်ဆွေက ပြောကြားသည်။

"အမျိုးသားလွှတ်တော်က ၆ ယောက်၊ ပြည်သူ့လွှတ်တော်က ၁၅ ယောက်၊ ပြည်နယ်လွှတ်တော်က မဲဆန္ဒနယ် (၁) နဲ့ (၂) ပေါင်း ၃၇ ယောက်ပါ။ အဲဒီအထဲမှာ တစ်သီးပုဂ္ဂလ ၅ ယောက်ပါပါတယ်။ အပယ်ခံရတဲ့သူ စာရင်းကိုတော့ မသိရသေးပါ။ မနက်ဖြန်လောက်မှပဲ သိနိုင်ပါတယ်။ စိစစ်လို့ကတော့ ခရိုင်အနေနဲ့ ပြီးပါပြီ။ ဒါပေမယ့် ယူအီးစီကို တင်ထားတော့ အဲဒီက အတည်ပြုတာကျလာမှပဲ သိရပါမယ်။"ဟု ပြောသည်။

မြောက်ဦးခရိုင်တွင် ဝင်ပြိုင်ကြမည့် ပါတီများမှာ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြိုအမျိုးသားဒီမိုကရေစီပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်မျိုးချုစ်ပါတီ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ တောင်သူလယ်သမားဖွံ့ဖြိုးရေးပါတီနှင့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီတို့ဖြစ်ပြီး စုစုပေါင်း ၁၂ ပါတီရှိကြောင်း သိရသည်။ အလားတူ သံတွဲခရိုင်တွင် ဝင်ပြိုင်မည့် ပါတီ ၉ ခုရှိပြီး၊ စစ်တွေခရိုင်တွင် ၈ ပါတီရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly