ရဲအတတ်သင်သိပ္ပံနှင့် ကပ်လျှက်တိုက်ခန်းများကို အင်အားသုံးဖယ်ရှားရန် အသိပေးထားဟုဆို

ရဲအတတ်သင်သိပ္ပံနှင့် ကပ်လျှက်တိုက်ခန်းများကို အင်အားသုံးဖယ်ရှားရန် အသိပေးထားဟုဆို

သြဂုတ်လ ၄၊ မန္တလေး ။           ။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရဲအတတ်သင်သိပ္ပံကျောင်း၏ နယ်နိမိတ်ခြင်းထိစပ်နေသည့် နေအိမ်တိုက်ခန်းများကို ဖယ်ရှားခိုင်းသည့်အတွက် သမ္မတထံစာတင်ပြထားပြီး သမ္မတရုံးမှ စီစစ်ပေးရန် စာထုတ်ထားစဉ်အချိန်မှာပင် အင်အားသုံးဖယ်ရှားမည်ဟု အကြောင်းကြားလာကြောင်း တိုက်ခန်းပိုင်ရှင်များက ပြောသည်။

သြဂုတ်လ ၄ ရက်၊နံနက်ပိုင်းကမန္တလေးမြို့၊၆၈ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြား လမ်းအရှေ့ဘက်ရှိ ဆိုင်ခန်း နေရာတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့စဉ် ပြောခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့်ပက်သက်ပြီး ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက ယင်းသင်တန်းကျောင်း ကျောင်းအုပ်ကြီး ရဲမှူးကြီးမင်းအောင်က ခေါ်ယူကာ သြဂုတ်လ ၅ ရက်နေ့တွင် နောက်ဆုံးထား ထွက်ခွာပေးရန် နှင့် မထွက်ခွာပါက အင်အားသုံးဖယ်ရှားကာ တရားစွဲဆိုမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်း တိုက်ခန်းပိုင်ရှင်တစ်ဦးဖြစ်သည့် ဦးစောဝီလီလျံဂျော့က ပြောသည်။

၆၈ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြား လမ်းအရှေ့ဘက်ရှိ နေအိမ်ဆိုင်ခန်းများမှာ ယင်းတို့နှင့် ကပ်လျက် ရှိသည့် ဗဟိုရဲလေ့ကျင့်ရေးကျောင်း ဧရိယာအတွင်းပါဝင်ခြင်းမရှိပဲ ကျောင်းတာဝန်ရှိသူများက ဖယ်ရှားပေးရန် ၂၀၁၇ ခုနှစ် မေလအတွင်းက အစိုးရအိမ်ဥပစာနှင်ထုတ်ခြင်းဥပဒေအရ ဆိုကာ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ဖယ်ရှားခိုင်းခဲ့သည့်အတွက် တိုက်ခန်းပိုင်ရှင်များက တိုင်းအစိုးရအဖွဲ့အပါအဝင် နိုင်ငံတော်သမ္မတရုံးသို့ စာပေးပို့စီစစ်ပေးရန်တောင်းဆိုခဲ့ရာ သမ္မတရုံးမှ ယင်းကိစ္စကို ပြန်လည်စီစစ်ပေးမည်ဖြစ်ကြောင်း အကြောင်းကြားခဲ့သည်ဟု တိုက်ခန်းပိုင်ရှင်တစ်ဦးဖြစ်သည့် ဦးမျိုးအောင်က ဆိုသည်။

ယင်းတိုက်ခန်းများမှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေထိုင်ကြသူများဖြစ်သည်ကြောင်း ယူဆသည့်အတွက် ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ နှင်ထုတ်ခြင်းဥပဒေပုဒ်မ ၃ အရ နှင်ထုတ်ခြင်းဖြစ်ကြောင်း အခွင့်ရအာဏာပိုင် ဖြစ်သည့် ရဲမှူးကြီးမင်းအောင်က လက်မှတ်ထိုးကာ အကြောင်းကြားစာ ပေးပို့ထားခြင်းလည်းဖြစ်သည်။

"သူတို့က ဒီတိုက်ခန်းတွေကို ခွင့်ပြုချက်မရှိပဲ၊ အလကားနေထိုင်လာကြတာပါ။ ၂၀၁၁ ခုနှစ်ကတည်းကနေ ၇ နှစ် ကျော်ရှိနေပြီ။ ကျွန်တော် အခွင့်ရအာဏာပိုင်အနေနှင့် သူတို့ကို လုပ်ထုံးလုပ်စဉ်တွေအားလုံးကို အသိပေး အကြောင်းကြားပြီးဖြစ်ပါတယ်။ ကျွန်တော်ခု တရားဥပဒေကြောင်းအရပဲ လုပ်ဆောင်ထားတာဖြစ်ပါတယ်"ဟု ရဲမှူးကြီးမင်းအောင်က ပြောသည်။

အဆိုပါတိုက်ခန်းများသည် အခန်း ၃၀ အထိရှိနေပြီး ၁၉၉၅ ခုနှစ်က ရဲသင်တန်းကျောင်းက ဆောက်လုပ်ကာ ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်က တစ်ခန်းလျင် ၅ သိန်းကျပ်၊ ၆ သိန်းကျပ်စသည်ဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

 ၁၉၉၆ ခုနှစ်တွင် ရဲသင်တန်းကျောင်းအမည်ဖြင့်ပင် မြေဂရံလျောက်ထားခဲ့ပြီး သင်တန်းကျောင်းကို ကွင်း အမှတ် ၇၇၈ အဖြစ်သတ်မှတ်ခဲ့ပြီး၊ တိုက်ခန်းများဆောက်လုပ်ထားသည့် အကွက်မှာ အကွက်အမှတ် ၇၇၇ ဖြစ် ကြောင်း စာရွက်စာတမ်းများအရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required