ရုပ်ရှင်အစည်းအရုံးရဲ့ သတိပေးမှုကို ဖြေရှင်းခဲ့တဲ့ သင်ဇာဝင့်ကျော်

ရုပ်ရှင်အစည်းအရုံးရဲ့ သတိပေးမှုကို ဖြေရှင်းခဲ့တဲ့ သင်ဇာဝင့်ကျော်
ဓာတ်ပုံ-Thin Zar Wint Kyaw Facebook

ရန်ကုန်၊သြဂုတ်လ ၃ရက် ။            ။ ပွဲတက်ဖက်ရှင်ကြောင့် ရုပ်ရှင်အစည်းအရုံးက ခေါ်ယူသတိပေးခဲ့တဲ့အကြောင်းကို ပြန်လည်ဖြေရှင်း ခဲ့တဲ့အကြောင်း သရုပ်ဆောင် သင်ဇာဝင့်ကျော်က ဆိုလိုက်ပါတယ်။

ဇူလိုင်လ ဒုတိယအပတ်အတွင်းကပြုလုပ်ခဲ့တဲ့ပွဲတစ်ခုမှာ ဝတ်ဆင်ခဲ့တဲ့ ပွဲတက်ဖက်ရှင်နဲ့ပတ်သတ်ပြီး ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ခေါ်ယူသတိပေးခဲ့တဲ့အပေါ် သင်ဇာဝင့်ကျော်က ပြန်လည်ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။

" ဦးဇင်ဝိုင်းကဖုန်းဆက်ခေါ်တယ်။ သမီးရေလာပါဦး ပြောစရာရှိလို့ဆိုပြီးဆက်လာတယ်။ ကိုယ်ကလည်း တလေးတစားနဲ့သွားဖြစ်တယ်ပေါ့နော်။ ကိုယ်ကလည်း အဲ့အဖြစ်ကိုရှင်းပြတယ်။ ဒါဟာတမင်သက်သက် လုပ်တာမဟုတ်ပါဘူး။ ဒီပုံကိုတင်လိုက်တဲ့အချိန်မှာပုံကို Exposure ကိုချရင်းလုပ်လိုက်လို့ ဖြစ်တာပါဆိုပြီး အဲ့လိုဖြစ်တာကိုသေချာရှင်းပြလိုက်တော့ တကယ်လုပ်တာမှ မဟုတ်တာဆိုတော့ အားလုံးက နားလည်ကြ ပါတယ်။ ပရိသတ်တွေက သင်ဇာကိုဘယ်သူတွေ ဘာဘဲလုပ်လုပ်နားလည်ပေးနေသေးတဲ့ အတွက်လည်း အရမ်းကိုအားရှိပါတယ်။ အရမ်းကို ကိုယ့်ကိုယ်ကို Confident ရှိပါတယ် "လို့ ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော် ကပြောပါတယ်။

သင်ဇာဝင့်ကျော်ဟာ ပြည်တွင်းက လူမှုကွန်ရက်သုံးစွဲသူတွေအကြားမှာ အလှဓာတ်ပုံတွေ ၊ ဖက်ရှင်ဒီဇိုင်း တွေကြောင့် ရေပန်းစားနေသူဖြစ်ပြီး ပွဲတက်ဖက်ရှင်တွေကြောင့်လည်း မကြာခဏ ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။

“ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီးဝေဖန်မှုတွေ အပေါ်မှာဘယ်လိုမှတုံ့ပြန်မှာမဟုတ်ပါဘူး။ ကိုယ်ကိုချစ်တဲ့ သူလည်းရှိမယ်။မုန်းတဲ့သူလည်းရှိမယ်။ ကိုယ်ကတော့ ကိုယ်ကိုချစ်တဲ့သူတွေ အတွက်ပဲ အလုပ်လုပ်တယ်။ သူတို့အတွက်ပဲ ကြိုးစားတယ်။ ကိုယ်ကိုမုန်းနေတဲ့သူတွေ အတွက်ကတော့ ဘာမှ ပြောစရာလည်းမရှိဘူး။ သူတို့အတွက်အလုပ်လုပ်နေတာမဟုတ်ဘူး။ကိုယ်ချစ်တဲ့ သူတွေအတွက်ပဲကြိုးစားနေပါတယ်။ အဓိကတော့ သင်ဇာ့ကိုချစ်တဲ့ ဘယ်သူမဆို သင်ဇာ့ရဲ့ ကာရိုက်တာကိုလည်း ဘာပဲလုပ်လုပ်ချစ်ကြတဲ့သူတွေပဲဆိုတော့ ဘယ်လိုနေ ဘယ်လိုထိုင် ကန့်ကွက်ပြီးပြောဆိုနေတာတွေတော့မရှိပါဘူး " လို့ သင်ဇာဝင့်ကျော်က ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly