ရန်ကုန်တိုင်းလွှတ်တော်၌ ကတိပေးထားသည့် ကိစ္စများပြီးစီးမှု သိရှိရမှု အားနည်းနေ

ရန်ကုန်တိုင်းလွှတ်တော်၌ ကတိပေးထားသည့် ကိစ္စများပြီးစီးမှု သိရှိရမှု အားနည်းနေ

ရန်ကုန် ၊ သြဂုတ် ၄ ။           ။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ဆဌမအကြိမ် ပြီးစီးခဲ့သည်အထိ လွှတ်တော်၌ အတည်ပြု လိုက်သည့်အဆိုများ ၊ မေးခွန်းများအား ဆောင်ရွက်မှု ပြီးစီးသည် ၊ မပြီးစီးသေးသည်ကို တိတိကျကျ မသိရသေးကြောင်း ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။

“ဝန်ကြီးတွေကဖြေရင် တိတိကျကျ လုပ်ပေးမယ် မလုပ်ပေးနိုင်ဘူး အဲ့လိုမျိုးမရှိဘူး။ ဟိုလိုလို ဒီလိုလို ဖြေတိုင်း ဖြေတိုင်း နောက်ဆုံးကျတော့ ကတိဖြစ်လား မဖြစ်လားမသိဘူး။ဒါမျိုးတွေလည်း ရှိတယ်” ဟု အစိုးရ၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီအဖွဲ့ဝင် ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များမှမေးမြန်းမှုကို  အစိုးရဘက်က ပြန်လည်ဖြေကြားရာတွင် တိတိကျကျ ဖြေဆို ခြင်း မရှိသောကြောင့် အစိုးရဘက်မှ ဆောင်ရွက်ပေးမည်၊ မပေးမည် စသည့်တို့ကို ပြန်လည်စိစစ်ရာတွင် အခက်အခဲများ ရှိနေသည်ဟု ဒေါ်ကြည်ပြာက ဆိုသည်။

ထို့ပြင် တိုင်းလွှတ်တော်တွင် ကတိပေးထားသော ကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရမှ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အားနည်းမှုများ ရှိနေသည်ဟု လည်း ဆိုသည်။

“မေးခွန်းတွေနဲ့ပတ်သက်ပြီး တတ်နိုင်သမျှတော့ တောက်လျှောက်စစ်ဆေးခဲ့တယ်။ မေးခွန်းတွေထဲမှာ ပေါ်လစီ နဲ့ ပတ်သက်ပြီး ပြောင်းရမယ့်ဟာမျိုးဆိုရင် တော်တော်လေး လုပ်ဆောင်မှုအားမှာ လိုအပ်ချက် ရှိနေတယ်။ အဆိုတွေကတော့ မလုပ်နိုင်တာ နည်းနည်းများတယ်” ဟု ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။

လွှတ်တော်အစည်းအဝေး တစ်ကြိမ် ပြီးစီးတိုင်း အစီရင်ခံစာတစ်ခုရေးသားပြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်သွင်းခဲ့ ကြောင်း၊ လက်ရှိအချိန်အထိ အစီရင်ခံစာ ၄ စောင်နှင့် နှစ်ပတ်လည် အစီရင်ခံစာ ၁ စောင် တင်သွင်းခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ပြောဆိုထားသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမတစ်နှစ်တာကာလအတွင်း တတိယအကြိမ် ပုံမှန်အစည်းအဝေး ပြီးဆုံးသည့် အချိန်အထိ အဆိုပေါင်း (၁၈) ခု တင်သွင်းခဲ့ရာ (၁၁) ခုအတည်ပြုနိုင်ခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း စုစုပေါင်း ( ၃၁၆) ခုနှင့် ကြယ်ပွင့်မပြမေးခွန်း စုစုပေါင်း(၈၈) ခု မေးမြန်းထားသည်။

ကျန်ရှိသည့် စတုတ္ထအကြိမ်မှ ဆဌမအကြိမ်အထိ အဆိုပေါင်းမည်မျှတင်သွင်းခဲ့ပြီး မည်မျှအတည်ပြုနိုင်ခဲ့သည် ကိုမူ မဇ္ဈိမက အတည်ပြုထားနိုင်ခြင်းမရှိသေးပေ။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ဆဌမ အကြိမ်အထိ ပြုလုပ်ပြီးစီးခဲ့ပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required