Body Language တွေရဲ့ အဓိပ္ပါယ်က ဘာလဲ

Body Language တွေရဲ့ အဓိပ္ပါယ်က ဘာလဲ

ရေးသားသူ Arkar Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အချိန်တော်တော်များများမှာ ကိုယ်လက်အမူအရာ မျက်နှာရိပ်ကဲ (Body Language) တွေဟာ စကားတစ်ခွန်းမှ ပြောစရာမလိုဘဲ ကိုယ်ပေးချင်တဲ့ Message ကိုပေးနိုင်စွမ်းရှိကြပါတယ်။ တစ်ခါတစ်ရံမှာ သင့်ရဲ့ ကိုယ်လက်အမူအရာတွေက သင်ကိုယ်တိုင်က ထုတ်မပြချင်ပေမဲ့ သင်ကိုယ်တိုင်တောင်မသိလိုက်ဘဲ တစ်ခြား သူတွေကို သွားပြောနေတတ်ပါတယ်။ နာမည်ကျော်ကြားသူတွေ၊ ဟောပြောသူတွေဟာ Body Language တွေရဲ့ အစွမ်းကို ကောင်းကောင်းကြီးနားလည်တတ်ကြပါတယ်။ လေ့လာချက်တွေအရာတွေ Body Language တွေဟာ သင်ပြောချင်တဲ့ Message ရဲ့ တန်ဖိုးကို ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်စေနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ အခုဒီဆောင်းပါးလေးထဲမှာတော့ Hello Sayarwon ပရိတ်သတ်များအတွက် လူတော်တော်များများ အသုံးပြုနေကြတဲ့ Body Language တွေရဲ့ အဓိပ္ပါယ်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ နှုတ်ခမ်းကို လျှာဖြင့်လျက်ခြင်း။

မနက်ပိုင်း သင်ဟာ နေ့လည်စာစားဖို့အကြောင်းတွေးမိတဲ့အချိန်မှာပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ချစ်သူနဲ့ စကားပြောနေတဲ့ အချိန်ပဲဖြစ်ဖြစ် နှုတ်ခမ်းကို လျှာဖြင့်လျက်ခြင်းဟာ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုအဖြစ် လူတွေက မြင်တတ်ကြပါတယ်။ သင့်အနေနဲ့ လက်တွဲဖော်ဖြစ်သူနဲ့ စကားပြောနေတဲ့အချိန်မှာလည်း နှုတ်ခမ်းကို လျက်ခြင်းဟာ လိင်ပိုင်းဆိုင်ရာ အရ စိတ်ကျေနပ်မှု ရှိနေပြီး သင့်ရဲ့ အဖော်ကို ချစ်နေကြောင်း တစ်ဖက်သူက ခံစားရမှာ ဖြစ်ပါတယ်။

၂။ လက်ဆွဲနှုတ်ဆက်ခြင်း။

လူတစ်ယောက်အပေါ် ပထမဆုံး မြင်တဲ့အမြင်နဲ့ လက်ဆွဲနှုတ်ဆက်ခြင်းက အတူတကွယှဉ်တွဲနေပါတယ်။ လက်ဆွဲနှုတ်ဆက်တဲ့အခါမှာ အတန်အသင့် တင်းကျပ်စွာ လက်ဆွဲနှုတ်ဆက်ခြင်းဖြင့် သင်ဟာ ဖော်ရွှေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ လူတစ်ယောက်ဖြစ်ကြောင်းပုံဖော်ပြနေပါတယ်။ အားပျော့စွာနဲ့ လက်ဆွဲနှုတ်ဆက်ခြင်းဟာ သင်ဟာ ကိုယ်ကိုကိုယ် ယုံကြည်စိတ်ချမှု မရှိတဲ့ လူတစ်ယောက်အဖြစ် ဖော်ပြနေမိတာပါ။ ဒါ့အပြင် လက်ဆွဲနှုတ်ဆက်တဲ့အချိန်မှာ လက်ကို ကိုင်ထားတဲ့ ကြာချိန်ကလည်း အရေးပါပြီး တစ်ဖက်သူရဲ့ လက်ကို ခပ်မြန်မြန်လွှတ်လိုက်တဲ့အခါမှာ သင့်ဟာ ရှက်တတ်သူတစ်ယောက် အဖြစ် ပုံဖော်မိသွားနိုင်ပါတယ်။

၃။ ခေါင်းညိတ်ခြင်း။

စကားပြောနေစဉ်မှာ ခေါင်းညိတ်ပြခြင်းဟာ သင်ဟာ တစ်ဖက်လူပြောနေတဲ့စကားကို လက်ခံပြီး စိတ်ဝင်စားတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပုံဖော်နေတာ ဖြစ်ပါတယ်။ ခေါင်းညိတ်ခြင်းဆိုတာ တစ်ဖက်သားတွေရဲ့ အမြင်တွေကို လိုက်လံဆွဲဆောင်နေတဲ့သင်္ကေတလည်း ဖြစ်ပါတယ်။ သင်စကားပြောနေတဲ့ အချိန် ခေါင်းညိတ်နေတယ်ဆိုရင် သင်ဟာ သင်ပြောနေတဲ့ အရာကို တစ်ခြားသူတွေလည်း လက်ခံလာအောင်လို့ ဆွဲဆောင်နေတာ ဖြစ်ပါတယ်။

၄။ ကိုယ်နေဟန်ထား။

လူတွေအနေနဲ့ ကျန်းမာရေး၊ စီးပွားရေး၊ ပေါင်းသင်းဆက်ဆံရေးတို့မှာ အဆင်မပြေတဲ့အခါမှာ ပျော့တိပျော့ခွေ ဖြစ်သွားတာ အကြောင်းရှိပါတယ်။ သိပ္ပံပညာအရ ပျော့တိပျော့ခွေနေခြင်းဟာ စိတ်ဖိစီးမှု ခံစားနေခြင်းနဲ့ ဝမ်းနည်းနေတဲ့ ဆိုရတာကို ပြနေတယ်လို့ဆိုပါတယ်။ ဒါကြောင့် မတ်မတ်ထိုင်ခြင်းဖြင့် သင့်ဟာ ယုံကြည်မှု ပြည့်ဝပြီး အာရုံစူးစိုက်နိုင်ကာ အကောင်းမြင်တတ်တဲ့ လူတစ်ယောက်အဖြစ် ခံစားရနိုင်စေမှာ ဖြစ်ပါတယ်။

၅။ ဆံပင်၊ မျက်နှာကို ထိတွေ့နေခြင်း။

ဆံပင်ကို လိမ်နေခြင်း၊ ထိနေခြင်း၊ မျက်နှာကိုလက်ဖြင့် ထိနေခြင်းက သင်ဟာ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားနေတဲ့ အဓိပ္ပါယ်ပြနေပါတယ်။ မိမိကိုယ်ကို အလှပြင်နေခြင်း၊ သနေခြင်း ကလည်း သင်ဟာ ဆန့်ကျင့်ဖက်လိင်ထံမှ စိတ်ဝင်စားမှုကို လိုချင်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

၆။ စိုက်ကြည့်နေခြင်း။

လူတစ်ယောက်ကို စိုက်ကြည့်ခြင်းက ခံစားချက်ပေါင်းများစွာကို ဖြစ်စေနိုင်ပါတယ်။ အကယ်၍ သင်ဟာ လက်ရှိစကားပြောနေတဲ့ လူတစ်ယောက်နဲ့ စကားပြောရတာ အဆင်ပြေမယ်ဆိုရင် မျက်လုံးခြင်း စိုက်ကြည့်ပေးခြင်းဖြင့် သင်ဟာ ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်ဖြစ်ကြောင်း ပြနိုင်ပါတယ်။ သင့်နဲ့စကားပြောနေတဲ့ သူဟာ သင်နဲ့ ကောင်းကောင်းမသိသေးဘူးဆိုရင် အချိန်အကြာကြီး စိုက်ကြည့်ခြင်းက ခြိမ်းခြောက်တဲ့ သဘောကိုဆောင်နေပါတယ်။ သင်လူတစ်ယောက်နဲ့ ဘယ်လောက်ပဲ ရင်းနှီးရင်းနှီး မျက်လုံးခြင်းကြည့်တာကြာတဲ့အချိန် အတိုင်းအတာ တစ်ခုကိုရောက်သွားတဲ့အခါမှာတော့ နှစ်ယောက်လုံး နေရထိုင်ရ ခက်လာတဲ့ အချိန်တွေ ရှိပါတယ်။

၇။ ပြုံးပြခြင်း။

ပြုံးရယ်ခြင်းဆိုတာ ပြန့်ပွားတတ်တဲ့ အရာတစ်ခုပါ။ သင်အနေနဲ့ လူတစ်ယောက်ကို စပြုံးလိုက်တဲ့ အခါမှာ တစ်ဖက်လူရဲ့ ပါးစပ်ကြွက်သားတွေကို ဒီလိုလိုက်လုပ်ဖို့ အချက်ပြလိုက်တာ ဖြစ်ပါတယ်။ ပြုံးရယ်ခြင်းဟာ ပျော်ရွှင်ခြင်းနဲ့ ဆက်ဆိုင်နေတဲ့ ဦးနှောက် အစိတ်အပိုင်းကို အလုပ်လုပ်စေပါတယ်။ ဒါ့အပြင် သင်ပြုံးပြတဲ့အခါမှာ တစ်ဖက်သားတွေနဲ့ သင်နဲ့ ကြားမှာ ပိုပြီး ခိုင်မြဲတဲ့ ဆက်သွယ်ရေး ခံစားချက်ကို ခံစားရမှာပါ။

၈။ ရပ်နေတဲ့ ကိုယ်နေဟန်ထား။

ခြေထောက်လက်တွေကို ကျဲကျဲထားပြီး ရပ်နေခြင်းဟာ တစ်ဖက်သားကို ပွင့်လင်းပြီး စကားပြောနိုင်တယ်ဆိုတဲ့ ခံစားချက်ကို ပေးမှာ ဖြစ်ပါတယ်။ ကြမ်းပြင်ကို ကြည့်နေခြင်းနဲ့ လက်ပိုက်ထားခြင်းကြတော့ သင်ဟာ မအားမလပ်ကြောင်းနဲ့ လူအများနဲ့ မဆက်ဆံချင်သေးကြောင်းကို ပြနေတာ ဖြစ်ပါတယ်။

၉။ လက်ဟန်နေထားများ။

သင်ပြောတဲ့ စကားတွေကို တစ်ဖက်သား ပိုပြီး မှတ်မိသွားစေချင်ပါသလား။ လက်ဟန်နဲ့ စကားပြောပါ။ စစ်တမ်းများအရ လူကြည့်အနည်းဆုံး TED Talk တွေမှာ ပြောသူတွေဟာ လက်ဟန်ခြေဟန် ၂၇၂ ခု သုံးကြပါတယ်။ လူကြည့်အများဆုံး TED Talk မှာကျတော့ ပြောသူတွေဟာလက်ဟန် ၄၆၅ ကြိမ်အထိ သုံးကြပါတယ်။ ဒါဟာ လက်ဟန် ၂ ဆ အထိ များသွားတဲ့ ပမာဏ ပါ။ သင်အနေနဲ့ လက်ဟန်ကိုပါ သုံးပြီး စကားပြောတဲ့အခါမှာ သင်ပေးချင်တဲ့ Message က တစ်စုံတစ်ယောက်ရဲ့ စိတ်ထဲမှာ ပိုပြီး အချိန်ကြာကြာရှိနေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အလွန်မကျွံတော့ မဖြစ်ပါစေနဲ့။ လက်ဟန်တွေကို အလွန်အကျွံလှုပ်ခြင်းက သင်ဟာ ထိန်းချုပ်နိုင်စွမ်း မရှိကြောင်း၊ စိတ်လှုပ်ရှားတတ်သူတစ်ယောက်ဖြစ်ကြောင်း ဖော်ကျူးသွားနိုင်ပါတယ်။

၁၀။ သူငယ်အိမ် ပြန့်ကားလာခြင်း။

Image credit : very well

သင်အနေနဲ့ သင်ချစ်ရတဲ့ သူအနားနေရတဲ့အခါမှာ သင့်စိတ်ရဲ့ ပြတင်းပေါက်ဖြစ်တဲ့ မျက်လုံးကနေ ခံစားချက်ကို ပြနေမှာပါ။ သင့်ဟာ တစ်စုံတစ်ယောက်ကို စိတ်ဝင်စားတဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါမှာ သင့်ရဲ့ သူငယ်အိမ်တွေက ပိုကျယ်လာမှာ ဖြစ်ပါတယ်။ ဒီလိ မျက်လုံးကျယ်လာခြင်းကို သင်က ထိန်းချုပ်လို့မရနိုင်ပါဘူး။ ဒါပေမဲ့ ဒီလို မျက်လုံးကျယ်လာတဲ့အခါမှာ တစ်ခြားသူတွေကို ပိုပြီးဆွဲဆောင်လာနိုင်မှာ ဖြစ်ပါတယ်။

၁၁။ နှုတ်ခမ်းတင်းထားခြင်း။

နှုတ်ခမ်းတင်းတင်းထားတတ်တဲ့အကျင့်ဟာ မှန်မှန်ကန်ကန်ပြောတတ်တဲ့သူတွေထက် လိမ်ပြီး ပြောတတ်တဲ့လူတွေမှာ ပိုတွေ့ရပါတယ်။ ဒါ့အပြင် စကားနည်းခြင်းဟာလည်း သင်ဟာ ယုံကြည်စိတ်ချလို့ ရတဲ့ လူတစ်ယောက်မဟုတ်ကြောင်းကိုပြသနေပါတယ်။

၁၂။ အကွာအဝေး။

လူတစ်ယောက်နဲ့ အကွာအဝေးကို အရမ်း မနီးကပ်တာကောင်းပါတယ်။ ဒါပေမဲ့သင်က လူတစ်ယောက်နဲ့ အရမ်းဝေးနေမယ်ဆိုရင်လည်း တစ်ဖက်လူူက ရည်ရွယ်ချက်ကို သံသယ ဝင်တတ်ပါတယ်။ ဒီလိုပဲ ဂနာမငြိမ်ခြင်း၊ လက်ပိုက်ထားခြင်းကလည်း တစ်ဖက်သားကို သံသယဝင်စေပါတယ်။ ခါးရှေ့သို့ ကိုင်းခြင်းက သင်ဟာ လက်တွဲလို့ရတဲ့ လူတစ်ယောက်ဖြစ်ပြီး သူတို့အနေနဲ့ သင့်အပေါ် ယုံကြည်စိတ်ချလို့ရကြောင်း ဖော်ကျူးနေတာ ဖြစ်ပါတယ်။

၁၃။ မျက်နှာလှုပ်ရှားမှုများ။

Image credit : very well

သင်အနေနဲ့ သင်ရဲ့ မျက်နှာကို သင်ဖြစ်စေချင်တဲ့ ပုံစံအတိုင်း ဖြစ်လာဖို့ ဘယ်လောက်ကြိုးစား ကြိုးစား တစ်ခါတစ်ရံ မျက်နှာလှုပ်ရှားမှုတွေက ခံစားချက်ကို ထုတ်ဖော်ပြသွားတတ်ပါတယ်။ ဒီလို ထုတ်ဖော်ပြဖို့ကလည်း တစ်စက္ကန့်လောက်ပဲ ကြာပါတယ်။ ဒီမျက်နှာလှုပ်ရှားမှုတွေဟာ လူသားတွေရဲ့ မျက်နှာမှာ အလိုအလျောက်ဖြစ်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပြီး ကိုယ်ခံစားရတဲ့ ခံစားချက်အလိုက် ဒီလှုပ်ရှားမှုတွေဖြစ်ရတာပါ။ တမင်တကာ မျက်နှာနေ ဟန်ထားနဲ့ မတူဘဲ
ဒီမျက်နှာလှုပ်ရှားမှုတွေဟာ ဟန်ဆောင်ပြီး လုပ်ဖို့ ခက်ခဲပါတယ်။ မျက်နှာတစ်ချက်မဲ့သွားခြင်း၊ မျက်နှာရှုံ့သွားခြင်း၊ နဖူးကျုံ့သွားခြင်းဟာ တစ်ဖက်သားအပေါ်မှာ ခံစားချက်ကို ချက်ခြင်း ဖြစ်စေပါတယ်။ သင်မကြိုက်တဲ့အရာတစ်ခုအပေါ် ဒီခံစားချက်တွေ ဖြစ်သွားတဲ့အခါမှာ တစ်ဖက်သားက သူတို့အတွင်းစိတ်ထဲကနေ ခံစားနိုင်ကြပါတယ်။

၁၄။ တစ်ဖက်လူကို ပုံရိပ်ပြန်ယူခြင်း။

တစ်ဖက်သားရပ်နေတဲ့ ပုံစံ၊ သူတို့ရဲ့ ကိုယ်ဟန်နေထား နဲ့ လေသံအတူ ပုံတူကူးခြင်းဟာ သင်နဲ့ တစ်ဖက်သားအကြား နားလည်မှုနဲ့ ယုံကြည်မှုကို တည်ဆောက်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းက အချိန်တိုင်း အလုပ်မဖြစ်ပါဘူး။ အကယ်၍သင်ဟာ သင်ပုံတူကူးနေတဲ့လူရဲ့ အထက်ရာထူးကြီးတဲ့ လူတစ်ယောက်ဖြစ်မယ်ဆိုရင် ဒါဟာ သူတို့အတွက် ထူးထူးဆန်းဆန်း ခံစားချက်ကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာပေါ်က ကြွက်သားတွေကို ထိန်းချုပ်မှု နည်းစေလိုတဲ့အခါမှာ ထိုးသွင်းရတဲ့ Botox လို့ခေါ်တဲ့ အဆိပ်တစ်မျိုးကို မျက်နှာမှာ ထိုးထားတဲ့ လူတွေရဲ့ မျက်နှာဟာ မရှုံ့တွနိုင်တော့တဲ့အတွက် လူတစ်ယောက်ရဲ့ ခံစားချက်ကို ပုံတူကူးတဲ့အခါမှာ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly